ထောင်ဒဏ် ငါးနှစ်ချခံရတဲ့ လူငယ်ရှစ်ဦး စစ်ကောင်စီတရားသူကြီးကို ဆန္ဒပြ

RFA Burmese
2022.12.27
ထောင်ဒဏ် ငါးနှစ်ချခံရတဲ့ လူငယ်ရှစ်ဦး စစ်ကောင်စီတရားသူကြီးကို ဆန္ဒပြ စစ်ကောင်စီတရားသူကြီးကို လူငယ်ရှစ်ဦး ပေးခဲ့သော ရုပ်သေးရုပ်နှင့် စာတစ်စောင်။
Citizen Journalist

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ လူငယ်ရှစ်ဦးကို ရန်ကုန်အင်းစိန် ဗဟိုအကျဉ်းထောင် ထောင်တွင်းသီးသန့်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ငါးနှစ် ထပ်ချခံလိုက်ရတယ်လို့ လူငယ်ရှစ်ဦးနဲ့ နီးစပ်သူ လုံခြုံရေးအရအမည်မဖော်လိုတဲ့ သူငယ်ချင်းတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီလူငယ်ရှစ်ဦးက အမိန့်ချမှတ်တဲ့ တရားသူကြီးကို ရုပ်သေးရုပ်တစ်ရုပ်နဲ့ စာတစ်စောင်ပေါ်မှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ သို့သော်စစ်ဖိနပ်တစ်ရံ ရှိတယ်ဆိုတဲ့ စာရွက်တစ်ရွက်ကို လက်ဆောင်ပေးပြီး တရားစီရင်ရေးကို ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရုပ်သေးရုပ်ပေးလိုက်တာဟာ စစ်အာဏာရှင်လက်ထက် တရားရေးမဏ္ဍိုင် ပျက်စီးနေတယ်ဆိုတာကို ပျက်ရယ်ပြု လက်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ချမှတ်လိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရး ဥပဒေပုဒ်မ ၅၂(ဂ)၊ ပုဒ်မ ၅၂(က)တို့နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လူငယ်ရှစ်ဦးထဲက ဦးဆောင်သူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ရပ်ကွက်ရုံးကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၄၃၆ ပေါက်ကွဲစေတတ်တဲ့ အရာနဲ့ အကျိုးဖျက်ဆီးမှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)တို့နဲ့ ထောင်ဒဏ် ၂၅ နှစ်ချခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။‌

ကျန်လူငယ် ခုနစ်ဦးဟာလည်း နောက်ထပ်အမှုတွေဖြစ်တဲ့ ဓါးပြမှုနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ဈ)တို့နဲ့ အမှုဆက်လက်ရင်ဆိုင်ရမှာပါ။

လူငယ်တွေကို အမှုအမြောက်အမြားနဲ့ တရားစွဲဆိုထောင်ချနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ ၁၃ဝဝဝ ကျော်ရှိပြီး၊ ၁၈၂ဝ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ အာမခံနဲ့လွတ်မြောက်သူ ၂၄ ဦး ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၃၄၅၃ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။