တိဘက် မြန်မာ မြောက်ကိုရီးယား အာရှ ၃ နိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေနေတွေအပေါ် အမေရိကန် အစိုးရ မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော် ကြားနာပွဲမှာ မစ္စတာယွန်က အခုလို ပြောကြား တာဖြစ်ပါတယ်။
မစ္စတာယွန်က မြန်မာနိုင်ငံမှာ အခြေနေတွေ တိုးတက်လာဖို့ အီးယူ၊ အာစီယံစတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ရှိနေသေးကြောင်း၊ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် ပဌိပက္ခတွေ ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသား သန်းပေါင်းများစွာဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့်နဲ့ အသင်းပင်း ဖွဲ့ခွင့်တွေ မရှိကြဘူးလို့ ဂျိုးဇက်ယွန်က ပြောပါတယ်။
ဒီအတွက် အမေရိကန်ပြည်ထောင်စု တနိုင်ငံထဲက မဆောင်ရွက်နိုင်ပေမယ့် အီးယူ၊ အာစီယံ စတဲ့ မိတ်ဖက်နိုင်ငံ တွေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်သလို တရုတ် အိန္ဒိယနိုင်ငံတွေကိုလည်း တွန်းအား ပေးသွားမယ်လို့ သူက ပြောပါတယ်။
အမေရိကန်မူဝါဒနဲ့ စိန်ခေါ်မှုတွေအကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် အစီရင်ခံထားတာကို ဦးကျော်မင်းထွန်း ကောက်နှုတ်တင်ပြထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။
ဒီအကြောင်း US Campaign for Burma က ညွန်ကြားရေးမှူး ဦးအောင်ဒင်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။