အာဆီယံမှာ မြန်မာက တရုတ်သတင်းပေး လုပ်နေ
2010.12.03

Wikileaks ရဲ့ ဖော်ပြချက်အရ- အာဆီယံ အစည်းအဝေးတွေအတွင်း ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို တရုတ်နဲ့ အလွမ်းသင့်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့က သတင်းပေးကြတာကြောင့် တရုတ်က နာရီပိုင်းအတွင်း သိနေပြီလို့ လီကွမ်းယူက ပြောဆိုခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး James B. Steinberg ကို ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသား ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းက သံတမန်ရေး လောကမှာ မဟာမိတ်နိုင်ငံချင်း စီးပွားရေး၊ စစ်ရေး အပါအဝင် သတင်းအချက်အလက် ဖလှယ်တာတွေဟာ အထူးအဆန်းလို့တော့ မဆိုနိုင်ကြောင်း၊ မြန်မာ စစ်အစိုးရနဲ့ တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ကြားမှာလည်း သတင်းဖလှယ်ရေး အပြန်အလှန် သဘောတူညီချက် ရှိကြောင်း၊ ဒါပေမဲ့ အခု ကိစ္စကတော့ ကျင့်ဝတ်ကိစ္စ ဖြစ်နေကြောင်း အခုလိုပြောဆိုပါတယ်။
“အာဆီယံရဲ့ အဖွဲ့ဝင်ကောင်း တယောက်အနေနဲ့ကတော့ ကိုယ့်ရဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းရဲ့ အတွင်းရေးသတင်းတွေကို ဒီလိုပေးတာတော့ သံတမန် ကျင့်ဝတ်အရ မလုပ်ထိုက်ဖူးပေါ့နော်။ ဒါ ဂုဏ်သိက္ခာကိစ္စပေါ့နော်။ အဓိက မဟာမိတ်ကျင့်ဝတ်ဆိုတာ ရှိတယ်လေ။ သို့သော် နအဖက ဒီလိုမျိုး လုပ်တယ် ကျွန်တော်တော့ သိပ်တော့ မအံ့သြဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက ဆိုလို့ရှိရင် အင်ဒိုနီးရှား သံရုံးမှာ နအဖကနေပြီးတော့ လျှို့ဝှက် ခိုးပြီးတော့ နားထောင်တဲ့ ကိရိယာတွေ သွားပြီးတော့ တပ်ထားတာ သွားတွေ့တယ်ပေါ့နော် အင်ဒိုနီးရှားက။”
“အဲဒီတော့ အင်ဒိုနီးရှားက တော်တော့ကို စိတ်ဆိုးပြီးတော့ တော်တော်လေး တင်းတင်းမာမာ ဖြစ်ခဲ့ဘူးသေးတယ်။ အဲဒီတုန်းက အင်ဒိုနီးရှား ပါလီမန်က ဆိုလို့ရှိရင် နောက်ထပ် အသစ်ခန့်တဲ့ မြန်မာသံအမတ်ကြီးရဲ့ သံအမတ် ခန့်အပ်လွှာတောင်မှ ချက်ချင်း လက်မခံတာတွေ ဘာတွေ ဖြစ်ခဲ့သေးတယ်လေ။ ဒါကြောင့်မို့လို့ နအဖ အနေနဲ့က ဒီလိုမျိုး လုပ်တယ်၊ ကိုင်တယ်ဆိုတာ ကျွန်တော်တော့ သိပ် မအံ့သြဘူး။ သူတို့က လုပ်နေကျလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။”
Wikileaks အင်တာနက် သတင်းစာမျက်နှာဟာ အမေရိကန်နဲ့ နိုင်ငံတကာ သံတမန်အတွင်းရေး သတင်းတွေကို ဖွင့်ချနေတဲ့အတွက် ဒီရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သတင်း အချက်အလက်ပေါင်း သုံးထောင်ကျော် ရှိတယ်ဆိုတဲ့အတွက် မြန်မာ့အရေး လေ့လာသူတွေက စိတ်ဝင်တစား စောင့်နေကြပါတယ်။ သတင်းတချို့အရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့လျှို့ဝှက်ဖိုင်ပေါင်း ၁၈၆၄ ဖိုင် ရှိတယ်လို့လည်း ဖော်ပြကြပါတယ်။