မြန်မာနိုင်ငံဘက်ကို ပို့မယ့် ကျည်ဆန်တစ်သိန်းကျော် ဖမ်းဆီးရမိ


2013.07.15

ထိုင်းမြန်မာနယ်စပ်ကနေ ရှမ်းပြည်နယ်ဖက်ခြမ်းကို ပို့ဖို့သယ်ယူလာတဲ့  သေနတ်ကျည်ဆံမျိုးစုံ တစ်သိန်းကျော်ကို ထိုင်းနိုင်ငံသား ၂ ယောက်နဲ့အတူ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ်မှာ ထိုင်းစစ်တပ်က ဇူလိုင် ၁၄ ရက်နေ့မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ်အာဏာပိုင်တွေထံက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ကားလမ်းခရီးနဲ့ ၃၅ ကီလိုမီတာအကွာမှာရှိတဲ့ ပန်မူကျေးရွာအုပ်စု ကုန်းမိုက်ဆပ်ရွာမှာ မယ်ဟောင်ဆောင်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ကနေ သတင်းအရ စောင့်ဆိုင်းရှာဖွေစစ်ဆေးခဲ့ရာက အခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူ မြန်မာနိုင်ငံသားတစ်ဦးက  ပြောပါတယ်။

“မနေ့က ၃ နာရီ ၁၅ လောက်မှာမိတာပါ၊ ဘန်ကောက်ကနေပို့လာတာကို တပ်ကသတင်းရတယ်။ တပ်ကဖမ်းပြီးတော့ ရဲဆီပို့လာတာ၊ ဘန်ကောက်ကနေလာတာနော် ပစ္စည်းက ဘယ်နှစ်ခေါက်ရှိပြီလဲတောင် မသိရသေးဘူး၊ အခုထိ စုံစမ်းလို့ မရသေးဘူး၊ ဖမ်းမိတာ လမ်းတဝက် အဲ့ဒီကုန်းမိုက်ဆပ်မှာမိတာပါ၊ တစ်သိန်းကျော်တယ်။ ၁၆ ရှိတယ်၊ လက်ပစ်ဗုံးရှိတယ်။ အများကြီးပဲ အစုံပဲ၊ အခုဒီမှာသိရသလောက်ကတော့ ရှမ်းဖက်ကို ပို့ဖို့ ဒီနယ်စပ်ပို့မယ်လို့ သူတို့ပြောတယ်လေ၊ အသေးစိတ်တော့ မသိရသေးဘူး“

ကျည်ဆံတွေသယ်ယူလာတဲ့ Nissan အမျိုးအစား ကားပေါ်ကနေပြီး AK 47 မောင်းပြန်ရိုင်ဖယ် ကျည်ဆံတစ်သောင်းကျော်နဲ့ ကာဘိုင်ကျည်ဆံ ငါးရာကျော်ကို စတင်ဖမ်းဆီးရမိခဲ့ပြီး ကုန်းမိုက်ဆပ်ရွာက သူတို့ဝင်ရောက်မယ့်နေအိမ်ကို ထပ်မံရှာဖွေရာမှာ M16 ကျည်ဆံ သုံးသောင်းကျော်၊ ပွိုင့် 88 ကျည်ဆံ တစ်သောင်းကျော်၊ ကာဘိုင်ကျည်ဆံ သုံးထောင်ကျော်၊ ဝေဟင်ပစ်ဒုံးကျည် ၄ လက်နဲ့ တခြားကျည်ဆံမျိုးစုံအပါအဝင် ကျည်ဆံတစ်သိန်းကိုးထောင်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အခုလိုကျည်ဆံတွေ အမြောက်အများဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ မယ်ဟောင်ဆောင်ခရိုင် မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပြီး ထိုင်းနိုင်ငံတွင်း တရားမဝင် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတဲ့ထဲမှာ ဒါဟာအများဆုံးအရေအတွက် ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။