မြန်မာ့ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုရေး အမေရိကန်အစိုးရကိုပန်ကြား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD မပါပဲ စစ်အစိုးရက ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပတာကြောင့် အသိအမှတ်မပြုဖို့ အမေရိကန်သမတ အိုဘားမားကို ပန်ကြားတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို အမေရိကန်ပြည်ထောင်စု အနောက်တိုင်း ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းက ရေးသား ပေးပို့လိုက်ကြပါတယ်။

2010.11.03
clear_view_buddhist_305_z.png အမေရိကန်သမတ အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ထံသို့ ပေးပို့သော အနောက်တိုင်း ဗုဒ္ဓဘာသာ နည်းပြဆရာများ၏ အိတ်ဖွင့်ပေးစာကို Clear View Project အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ တစိတ်တဒေသ ဖြစ်ပါသည်။ (www.clearviewproject.org)
(www.clearviewproject.org)

သက်ဆိုင်သူအားလုံးပါဝင်ခွင့်မပေးပဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ သိက္ခာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗုဒ္ဓဘာသာ နည်းပြဆရာလည်းဖြစ်၊ Clear View project ရဲ့ ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ Alan Senauke က ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲစည်းရုံးမှု လုပ်ငန်းတွေကို ဘယ်သူမှ တက်တက်ကြွကြွ ဆောင်ရွက်ခွင့် မရရှိကြဘူးဆိုတဲ့ သတင်းတွေ နေ့စဉ် ကြားနေရပါတယ်။ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်မှာ ပါဝင်ဖို့ ရာခိုင်နှုန်းကိုလည်း အသင့်ပြင်ဆင်ထားတဲ့အပြင် NLD ကိုလည်း ရွေးကောက်ပွဲ ပါဝင်လို့မရအောင် စစ်အစိုးရက စီမံဆောင်ရွက်ထားတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတဲ့ အနောက်တိုင်း ဗုဒ္ဓဘာသာနည်းပြဆရာ စုစုပေါင်း အယောက် ၁၀၀ကျော် လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာမှာ ရွေးကောက်ပွဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်နဲ့ ဒီမိုကရေစီရေး ထောက်ခံ ပံ့ပိုးသူတွေ ပါဝင်လို့မရအောင် စစ်အစိုးရက ကန့်သတ်ထားတဲ့ အတွက် ရွေးကောက်ပွဲရလဒ်ကို သမတ အိုဘားမားအနေနဲ့ လက်မခံဖို့ တိုက်တွန်းထားပါတယ်။

အနောက်တိုင်း ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး ထောက်ခံ လှုပ်ရှားလာတာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလကတည်းက ဖြစ်ပါတယ်။

အမေရိကန်သမတ အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ထံ ပေးပို့သော အိတ်ဖွင့်ပေးစာ မူရင်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။