ပွဲစားကုမ္ပဏီကို အရေးယူဖို့ အလုပ်သမားတွေ တိုင်ကြား
2015.06.06
ထိုင်းနိုင်ငံကို အလုပ်သမားတွေ ပို့ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံက အလုပ်သမား အေဂျင်စီ ၃ ခုကို မူလစာချုပ်ပါ သဘောတူညီချက်တွေကို ချိုးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ ဦးက ရန်ကုန် တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ထံ တိုင်ကြားလိုက်ပါတယ်။
အေဂျင်စီနဲ့ စာချုပ်ချုပ်စဉ်မှာပါဝင်တဲ့ အလုပ်အကိုင်နဲ့ ထိုင်းရောက်တဲ့အခါ လုပ်ကိုင်ရတဲ့ အလုပ်တွေမတူညီတာ အပြင် အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို လစ်လျှူရှုခဲ့တာတွေကြောင့် တိုင်ကြားခဲ့တာလို့ နှစ်နိုင်ငံ သဘောတူ ညီချက် MOU နဲ့ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ မသန်းသန်းမြင့်က ပြောပါတယ်။
"မသွားခင်ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ သူတို့ရေသန့်ဗူးစက်ရုံဆိုပြီး ညီမတို့ကိုလိမ်ခေါ်တာက တစ်ခု၊ နောက်ပြီးတော့ ဟိုရောက်တဲ့အခါ တစ်နေ့ ၃ဝဝ ရမှာလို့ပြောတဲ့ဟာ ဟိုရောက်တော့ ၃ဝဝ မရဘူး ညီမတို့ အဲ့ဒီမှာနေခဲ့ရတယ်၊ ညီမတို့ ဖြစ်သလိုရောင်းစားခံရသလို လုပ်လိုက်တဲ့အတွက် နောက်တစ်ခါ ဒီနိုင်ငံကူးလက်မှတ်က ညီမှာတို့ငွေ နဲ့လုပ်ထားတဲ့ လက်မှတ်လေ၊ အခု အလုပ်အဆင်မပြေလို့ ညီမပြန်လာတော့လည်း ညီမကို နိုင်ငံကူး လက်မှတ် ပြန်မပေးဘဲနဲ့ ဘတ်ငွေ ၁၃ဝဝဝ တောင်းခဲ့တယ်၊ အဲ့ဒီဟာပါပါတယ် ညီမတိုင်ကြားခဲ့တာ"
ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့က တိုင်ကြားချက်ကို လက်ခံလိုက်ပြီး စစ်ဆေးဖော်ထုတ် အရေးယူမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီ ကုမ္ပဏီ ၃ ခုဟာ အစိုးရကိုယ်စားပြုပြီး အလုပ်ရှာဖွေပေးတဲ့ အေဂျင်စီတွေဖြစ်ပြီး အလုပ်သမားတွေနဲ့ ချုပ်ဆိုတဲ့ သဘောတူညီချက်စာချုပ်ပါ အချက်အလက်တွေကို မလိုက်နာတာကြောင့် အဲ့ဒီကုမ္ပဏီတွေကလွှတ်တဲ့ အလုပ် သမားအများစုဟာ ထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။