စစ်ကောင်စီ အင်အားပျက်ပြားဖို့နဲ့ ကျူးလွန်မှုတွေကို တာဝန်ခံရဖို့ ဗြိတိန်အစိုးရ ကြိုးပမ်း

2024.03.27
စစ်ကောင်စီ အင်အားပျက်ပြားဖို့နဲ့ ကျူးလွန်မှုတွေကို တာဝန်ခံရဖို့ ဗြိတိန်အစိုးရ ကြိုးပမ်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်က တွေ့ရစဥ်။
Facebook/UK in Myanmar

တပ်မတော်နေ့ အထိမ်းအမှတ်နဲ့ စစ်ကောင်စီဟာ နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတွေ ကျင်းပနေပေမယ့် ပြည်သူတွေကတော့ စစ်မှုမထမ်းမနေရ ကြေညာချက်အပါအဝင် ပဋိပက္ခတွေအကြား စားဝတ်နေရေးအတွက် ဆင်းရဲဒုက္ခတွေ များနေရတယ်လို့ ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောလိုက်ပါတယ်။

“စစ်ကောင်စီကထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ကြေညာချက်အပေါ် ကျွန်မတို့ အလွန်စိုးရိမ်ပူပန်မိပါတယ်”လို့လည်း လတ်တလော မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး သူကပြောလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလထဲမှာတင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသုံးယောက်အပါအဝင် ပြည်သူ အနည်းဆုံးအယောက် နှစ်ဆယ်သေဆုံးခဲ့တယ်လို့ ထောက်ပြပါတယ်။

မြန်မာပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေလိုနေပြီး လူသုံးဦးအနက် တစ်ဦးဟာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးဖို့ ဖိအားပေးခံနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့သူတွေ၊ နေရပ်စွန့်ခွာခဲ့သူတွေနဲ့ ဖိနှိပ်ခံနေရသူတွေကို ဗြိတိန်အစိုးရက အမှတ်ရနေပြီး မြန်မာစစ်တပ် အင်အားပျက်သွားစေဖို့၊ ငွေကြေးလက်နက်နဲ့ အထောက်အကူ ပစ္စည်းတွေရရှိနေတာကိုလျှော့ချဖို့ ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ၁၈ ကြိမ် ချမှတ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ကမ္ဘာသိအောင် လုံခြုံရေးကောင်စီလို နိုင်ငံတကာ မျက်နှာစာတွေကတစ်ဆင့် ဗြိတိန်အစိုးရက အသိပေးနေပြီး စစ်ကောင်စီအနေနဲ့ ဒီကျူးလွန်မှုတွေကိုတာဝန်ခံရဖို့ ဆက်လက်ကြိုးပမ်းအားထုတ် ကူညီပေးသွားမယ်လို့လည်း ကတိပေးလိုက်ပါတယ်။

“မြန်မာစစ်တပ်လက်ထက်မှာ မြန်မာပြည်သူတွေဟာ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု နည်းတွေကိုသုံးပြီး လူနေအိမ်တွေ၊ ကျောင်းတွေ၊ ကျန်းမာရေး အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးနေကြတာ ဖြစ်ပါတယ်”

ဒီမိုကရေစီ အနာဂတ်တစ်ခုကို ရည်မှန်းထားတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဗြိတိန်အစိုးရက ရပ်တည်နေတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။