BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမည်

ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် BPLA နဲ့ ကျောင်းသားလက်ရုံး တပ်တော် SAF တို့ နိုဝင်ဘာ ၁၀ရက်နေ့က တွေ့ဆုံခဲ့ကြပြီး စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ BPLA နဲ့ SAF တို့ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
BPLA နဲ့ SAF တို့ တွေ့ဆုံချိန်မှာ စစ်ရေးကဏ္ဍအနေနဲ့ နီးစပ်တဲ့ စစ်ဆင်ရေးနယ်မြေဒေသတွေမှာ ပူးတွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ ကျောင်းသားလက်ရုံး တပ်တော် SAF ဗဟိုကော်မတီဝင် မင်းလတ်ဥက္ကာက RFA ကိုပြောပါတယ်။
"BPLA နဲ့ SAF မှာ နိုင်ငံရေးအားဖြင့် ကျွန်တော်တို့နဲ့ သူတို့ကြားမှာ၊ တူညီတဲ့ ရှုမြင်ချက်တွေ အများကြီးရှိပါတယ်၊ ဒီတော့ ကျွန်တော်တို့ ဆက်ပြီး စကားပြောသွားကြဖို့ ရှိပါတယ်"
ကျောင်းသားလက်ရုံး တပ်တော်ကို ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။
BPLA အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ဝ ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပြီး ကျောင်းသားလက်ရုံးတပ်တော် SAF နဲ့ မနေ့က ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။