ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုးချဲ့အင်အား မြန်မာအစိုးရ ပြန်ရုပ်သိမ်း
2018.03.02
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံစည်းရိုးအနီး တိုးချဲ့ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေ ကို မြန်မာအစိုးရက ပြန်လည်လျှော့ချ ရုပ်သိမ်းလိုက်ပြီလို့ ဒါကာကလာတဲ့ နောက်ဆုံးရ သတင်းတွေအရ သိရှိရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံနယ်စပ်အရာရှိတွေ သောကြာနေ့ မနေ့က တွေ့ဆုံဆွေးနွေး ပြီးနောက် မြန်မာဘက်က အခုလို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီလို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးချဲ့ချထားတာဟာ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကြောင့် ဖြစ် တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။
အခုလို ဆောင်ရွက်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျူးကျော်ဖို့ ရန်စတဲ့လုပ်ရပ် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ARSA အာဆာအကြမ်းဖက်တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ကြံစည်နေတဲ့ သတင်းတွေ မိမိတို့ ရရှိထားတဲ့အတွက် ပြင်ဆင်ခြင်းဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။
အဲဒီနယ်ခြားဒေသမှာ မြန်မာတပ်ဖွဲ့တွေ အင်အားများပြားလာတဲ့အတွက် ပြန်လည်ရုပ်သိမ်းဖို့ ဒါကာ မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကြာသပတေးနေ့မှာ ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။