မြဝတီနယ်စပ်မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွား
2011.05.19
မြဝတီမြို့က ဆက်သွယ်ရေးရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ မြဝတီဒေသခံ က RFA ကို ခုလိုပြောပါတယ်။
“ရဲစခန်းနားက ဆက်သွယ်ရေးရုံး၊ ကြေးနန်းဆက်သွယ်ရေး ရုံးမှာပါ၊ ဗုံးပေါက်တယ်၊ ဟုတ်ကဲ့ မနက်က ဟုတ်ကဲ့ အထိခိုက် မရှိပါဘူး ဒီနေ့က မိုးကလည်း နည်းနည်းရွာတော့လေ။ လူတွေ သိပ်အပြင်မထွက်ကြဘူး။”
မြဝတီမြို့က ဆက်သွယ်ရေးရုံးမှာဗုံးပေါက်ကွဲတယ်လို့ လူအများ ပြောဆိုနေကြပေမဲ့ တကယ်တော့ မိုင်းကွဲတာသာ ဖြစ်တယ်လို့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေအကြောင်း နားလည်သူ မြဝတီမြို့ခံက အခုလို ပြောပါတယ်။
“မြဝတီမြို့ထဲ အဲဒီ ဆက်သွယ်ရေး ကြေးနန်းရုံးပဲ မိုင်းပဲ ပေါက်ကွဲတာ။ ဗုံးကျတော့ အဆောက်အအုံကြီးကို ပစ်ဖို့ မလွယ်ဘူးလေ။ ဗုံးကလည်း အသံက အဲဒီလောက် မကျယ်ဘူးလေ။”
ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်တာမျိုး မရှိပဲ ဆက်သွယ်ရေးရုံး အဆောက်အအုံတော့ နည်းနည်းပါးပါး ထိခိုက် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရ လက်ထက်မှာ မြဝတီမြို့တွင်း ဒီပေါက်ကွဲမှုဟာ ပထမဆုံးအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ၊
ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ တာဝန်ကျ ရဲဝန်ထမ်းက အခုလိုပြောပါတယ်။
ရဲ။ ။“ဟုတ်ကဲ့ အမိန့်ရှိပါ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကပါ”
RFA။ ။ “ဟုတ်ကဲ့ အစ်ကိုရေ ဒီလိုပါ၊ မြဝတီမြို့မှာ မနက်က ဗုံးပေါက်ကွဲတယ်လို့ ကြားလို့ပါ။ အဲဒါ ဘယ်လို အခြေအနေ ရှိပါသလဲခင်ဗျ။”
ရဲ။ ။“လူထိခိုက်မှုတော့ မရှိဘူးခင်ဗျ။”
တာဝန်ကျရဲဝန်ထမ်းက လူထိခိုက်မှု မရှိကြောင်းသာပြောကြားပြီး ဖုန်းချသွားခဲ့တာ ဖြစ်ပါတယ်။
မြဝတီမြို့ပေါ်က ဆက်သွယ်ရေးရုံးတွင်းး ဒီကနေ့ မနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ မြို့တွင်း လူအသွား အလာတွေ ခဏ ရပ်ဆိုင်းသွားခဲ့ပေမဲ့ နေ့လယ်ပိုင်းမှာတော့ ပုံမှန် သွားလာရောင်းဝယ်နေကြတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က စတင်ပြီး ဗိုလ်မှူးစောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေက လက်နက်ကိုင် ပြန်လည်တိုက်ခိုက်ခဲ့လို့ မြဝတီမြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုတွေဟာလည်း မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအနီး မြဝတီမြို့ဖက်ခြမ်းမှာ မိုင်းပေါက်ကွဲခဲ့လို့ လူ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မတ်လ ၅ ရက်နေ့ကလည်း မြဝတီမြို့ပေါ် လျှပ်စစ်မီး ရုံးဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။