တာချီလိတ် တပ်ထောက်ခံပွဲ ဗုံးပေါက်၊ နှစ်ဦး သေဆုံး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့လယ်ပိုင်းက တပ်မတော် ထောက်ခံပွဲကျင်းပရာအနီး ဗုံးပေါက်ကွဲလို့ နှစ်ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းရိုးမကွင်းမှာ ကျင်းပခဲ့ရာကနေ ပွဲပြီးလို့အပြန် ဆန်ဆိုင်း အထက ကျောင်းနားမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒသခံတစ်ဦးဖြစ်တဲ့ ကိုမိုးသူက ပြောပါတယ်။
"ထောက်ခံပွဲအပြန်မှာ ကွဲလို့ပေါ့ဗျာ၊ ကွင်းထဲမှာကွဲလို့ကတော့ အတုန်းအရုံးသေကြမှာ၊ အုန်းဆိုပြီး အသံကြားထဲက ကျနော်ကတော့သွားပြီ သေကုန်ကြပြီလို့ပဲ တွေးလိုက်တာ၊ ဘယ်သူမှ ထွက်မကူကြတော့ သူတို့ဘာသာပဲ ဖုန်းဆက်လိုက်တယ်ထင်တယ်၊ အရေး ပေါ်ကားတွေ စစ်ကားတွေ ရောက်ချလာတယ်"
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ အမျိုးသား နှစ်ဦးနဲ့ ဒဏ်ရာရသူတွေကို တာချီလိတ် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာ မသိရ သေးသလို ထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးပါဘူး။
တာချီလိတ် ဒေသခံနောက်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရသူ ၄၀ ဝန်းကျင်လောက်ရှိပြီး အဲဒီထဲက ခြောက်ဦး စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
ပေါက်ကွဲပြီးတဲ့နောက် အရပ်ဝတ်နဲ့ လုံခြုံရေးလုပ်နေသူတွေက အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ကြသလို လမ်းတွေပိတ်ဆို့ထားပြီး အနီးနားက လူငယ်တွေကို ဖမ်းဆီးတာ အိမ်တွေကို ရှာဖွေတာ၊ လုပ်ခဲ့တယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
တာချီလိတ်မြို့မှာ ဒီနေ့လုပ်တဲ့ တပ်မတော်ထောက်ခံပွဲမှာ လူအင်အား ငါးရာကျော်ရှိပြီး၊ ဇန်နဝါရီ ၃၁ ရက် မနေ့က ကျင်းပခဲ့တဲ့ တပ်မတော်ထောက်ခံပွဲမှာတော့ လူအင်အား တစ်ထောင်နီးပါး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။