မန္တလေးမြို့ ‌ဇွဲထက်ရွှေဆိုင်မှာ ဗုံးပေါက်ကွဲပြီး ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.06.13
မန္တလေးမြို့ ‌ဇွဲထက်ရွှေဆိုင်မှာ ဗုံးပေါက်ကွဲပြီး ခြောက်ဦး ဒဏ်ရာရ မန္တလေးမြို့၊ စျေးချိုအနီးတစ်ဝိုက်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနဲ့ ၃၄ လမ်းထောင့်က ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဇွန်လ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲပြီး လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရောက်လာတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

"ပေါက်ကွဲသံကြားလို့ ထွက်ကြည့်တဲ့အချိန် ဆိုင်တံခါးတွေ ပိတ်လိုက်ကြပြီ။ ခဏလောက်နေတော့ ရဲတွေ ရောက်လာတာ။ ဝန်ထမ်းတစ်ယောက်တော့ ဒီဘက်ပွေ့သယ်လာတာ တွေ့တယ်။ ဒါပေမဲ့ သွေးတွေ၊ ဘာတွေတော့ မတွေ့ရဘူးပေါ့နော်"

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ဝန်ထမ်း သုံးဦးနဲ့ အပြင်လူ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို မန္တလေးအခြေစိုက် မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship People Defence Force (NMD) အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဖွဲ့တာဝန်ခံ ကိုချာလီက ပြောပါတယ်။

"ဇွဲထက်ရွှေဆိုင်အနေနဲ့ စကစရဲ့ အကြီးအကဲတွေ အစုရှယ်ယာတွေနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စကစရဲ့ စီးပွားရေးထောက်တိုင်ထဲက တစ်ခုကို ပြည်သူတွေသိရှိဖို့ရော အားမပေးဖို့ရော ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”

ဒီပေါက်ကွဲမှုအတွင်း အရပ်သားတွေနဲ့ ဆိုင်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ကိုချာလီက ပြောပါတယ်။

မန္တလေးမှာ ဗုံးပေါက်ကွဲမှုတွေရှိနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။