ကလေးမြို့ပေါ်မှာ ဗုံးပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံး
2023.09.28

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မွန်းလိုင်ရပ်ကွက် မွန်းလိုင် နှစ်ခြင်းဘုရားကျောင်းရှေ့မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲက ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ မောင်ဂျိုးဆပ်တွောင်ချန့်ဗဲလ်း (Joseph Tuang Thian Vel) ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ စက်ဘီးစီးနေတဲ့အချိန်မှာ ဗုံးပေါက်ကွဲတာကြောင့် ဗုံးစတွေ ထိမှန်သေဆုံးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အခုပေါက်တဲ့ဟာက ကလေးလေးက စက်ဘီးနဲ့ နင်းမိလို့ပေါက်တဲ့သဘော ဖြစ်နေတယ်။ အဲဒီမိုင်းက စစ်ကောင်စီထောင်တဲ့ မိုင်းလား၊ ဘယ်အဖွဲ့ကထောင်တဲ့မိုင်း ဆိုတာ မသိရပါဘူး။ အဲဒီနားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဆက်တိုက် မိုင်းသုံးလုံးပေါက်ကွဲမှု ရှိခဲ့တယ်”
သေဆုံးသူဟာ ကလေးမြို့က Victory Learning Center – Kalay ကျောင်းမှာ Grade-4 တက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ကလေးမြို့ ကြို့သုံးပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲတာကြောင့် လမ်းသွားလမ်းလာ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုရွာထဲက နေအိမ် တစ်အိမ်ကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် နေအိမ်ထဲမှာရှိနေတဲ့ မိသားစုဝင်လေးဦးသေဆုံးပြီး ဒီမြင်ကွင်းကို မြင်တွေ့တဲ့ နောက်ထပ် မိသားစုဝင် အမျိုးသမီးလည်း နှလုံးရပ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။