ကချင်ပြည်နယ် မိုးကောင်းမှာ ဗုံး ၅ လုံး ပေါက်ကွဲခဲ့
2011.12.19

(Photo: AFP)
မိုးကောင်း မြို့နယ်နဲ့ ၅ မိုင် အကွာလောက်မှာ ရှိတဲ့ ထိုးဖူး ကျေးရွာနဲ့ ဆားမှော် ကျေးရွာ အကြားမှာ ဖြစ်ပြီး မီးရထားလမ်း မိုင်တိုင်အမှတ် ၆၇၈ (၁၁∕၁၂) အနီးက နေရာ နှစ်နေရာမှာ ၂ လုံး တစ်ကြိမ်၊ ၃ လုံး တစ်ကြိမ် ဆက်တိုက် ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
မိုးကောင်းမြို့နယ် ရဲစခန်းက ရဲအရာရှိက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆိုခဲ့ပေမယ့် အသေးစိတ် အချက်အလက် မသိရှိကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။
မနက်လင်းအားကြီး အချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး မိုးကောင်းမြို့ကနေ မန္တလေးကို ထွက်လာတဲ့ မီးရထား တစ်စီး မရောက်ခင်မှာ ပေါက်ကွဲခဲ့တာလို့ ဆားမှော် ရွာသား တစ်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။
“မနေ့က မနက်ပေါ့။ ၃ နာရီလောက်၊ မိုးကောင်း ကနေ ထွက်မယ်ဆိုရင် ထိုးဖူးကို ရောက်တယ်။ ထိုးဖူးကနေ ထွက်မယ်ဆိုရင် ဆားမှော် ရောက်တယ်။ ထိုးဖူးနဲ့ ဆားမှော်ကြားပေါ့။ ၂ ခုကွဲတယ်။ အဲဒီ မိုင်းခွဲတဲ့နားမှာ သေတာက နှစ်ယောက်၊ လွတ်တာက တစ်ယောက်လို့တော့ ကြားတယ်။ မန္တလာလား၊ တရုတ်ရထားလား မသိဘူး။ သွားတယ်။ သွားတဲ့အခါကျတော့ သံလမ်း မိုင်းကွဲနေတာ ဖြစ်နေတဲ့ အခါကျတော့ အဲဒီရထား ဥသြဆွဲပြီးတော့ နောက်ပြန်ဆုတ်လာတယ်၊ ချက်ချင်းပဲ ပြန်ပြင်တယ်”
သေဆုံးခဲ့သူ နှစ်ဦးဟာ ဗုံးထောင်ရင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာ ဖြစ်နိုင်ပြီး ဘယ်အဖွဲ့အစည်းက ဆိုတာ အတိအကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် မီးရထားသံလမ်း ကင်းယူထားတဲ့ မိုးကောင်း အခြေစိုက် ခလရ ၁၀၅ တပ်ရင်း တပ်ဖွဲ့ဝင်တွေရဲ့ သေနတ် ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပေမယ့် တစ်စုံတစ်ရာ ထူးခြားတာ မတွေ့ရဘူးလို့ အခုနက ရွာသားကပဲ ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်လကျော် ကလည်း အခု ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ဆားမှော် ကျေးရွာ အနီးက ရထားလမ်းပေါ်မှာပဲ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပေမယ့် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရပါတယ်။