ဟိုင်းကြီးကျွန်းက လှေစီး ဒုက္ခသည် ၇၀၀ ကျော်ကို ရခိုင်ပြည်နယ် ပို့ဆောင်
2015.06.02

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ပင်လယ်ပြင်မှာ ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ဟိုင်းကြီးကျွန်းကနေ ရခိုင်ပြည်နယ်ကို ပို့ဆောင်နေပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ မနေ့ကတွေ့ဆုံ ပြောကြားခဲ့တာဖြစ် ပြီး၊ မြို့မိမြို့ဖတွေဘက်က ကန့်ကွက်ခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့သူတစ်ဦးဖြစ်တဲ့ စစ်တွေမြို့ခံ ဦးသန်းထွန်း က ပြောပါတယ်။
"ရခိုင်လူထုအစား ကျနော်တို့ပြောတဲ့အချက်ကတော့ ပထမရောက်တဲ့ လူအယောက် ၂ဝဝ ကို ဘင်္ဂလားဒေ့ရှ် ဘက်ကို အမြန်လွှဲပြောင်းပေးပြီးမှ ကျန်တဲ့ ၇၂၇ ယောက်ကို ဒီဘက်မှာစိစစ်ဖို့အတွက် ခေတ္တထားတယ်ဆိုတဲ့ အချက်အလက်ကို ရခိုင်တွေ နားလည်ပေးနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ အဲ့လိုမဟုတ်ဘဲနဲ့ ဟို ၂ဝဝ လည်း မပို့ရသေး ဘူး၊ ဒီဘက် ၇ဝဝ ကျော်လည်း ရောက်လာပြီဆိုတော့ အဲ့အပေါ်မှာ ရခိုင်တွေက စိတ်ထဲမှာ နည်းနည်းမကျေ မနပ်ဖြစ်ကြတာ သဘာဝကျတယ်လို့ ကျနော်အဲ့လိုယူဆပါတယ်"
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းကနေ လှေစီးဒုက္ခသည် ၇၀၀ ကျော်တင်ဆောင်လာတဲ့ စက်လှေဟာ မနက်ဖြန်မှ စစ်တွေကမ်းခြေအနီးကို ရောက်ရှိမှာဖြစ်ပြီး မောင်တောမြို့နယ်ကို ဆက်လက်ပို့ဆောင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ လှေစီးဒုက္ခသည် ၇၂၇ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စီးကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA ဝိုင်တော်သား ဦးခင်မောင်စိုး စစ်တွေမြို့မှာ ဒီကနေ့ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။