လှေစီးပြေးဒုက္ခသည် နောက်ထပ် ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်းပေး


2015.08.25
bangladesh-boat-refugees-620.jpg ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးဒုက္ခသည် ၁၂၅ ယောက်ကို သြဂုတ်လ ၂၅ ရက်နေ့က နယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေးတံတားကနေ တရားဝင်လွှဲပြောင်းပေးခဲ့စဉ်
Photo: MOI

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ယာယီကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ သား လှေစီးပြေးဒုက္ခသည်တွေထဲက ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။ ၁၂၆ ဦးကို လွှဲပြောင်းဖို့ စီစဉ်ခဲ့ပေမယ့် တစ်ဦးဟာ ကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးသွားသူတွေထဲမှာ ပါဝင် တာကြောင့် ၁၂၅ ဦးကိုသာ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

"ကျနော်တို့ မနက် ၁၁ နာရီမှာ တောင်ပြိုလက်ဝဲဆိုတဲ့ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးရုံးမှာ နှစ်နိုင်ငံအလံတင် အခမ်းအနားနဲ့ ကျင်းပပါတယ်၊ ၂ နာရီမှာ နယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေးတံတားကနေ တရားဝင် လွှဲပြောင်းပေးလိုက်ပါတယ်၊ ၁၂၆ ဦးပါ ၁ ဦးက ထွက်ပြေးတဲ့တစ်ယောက်ပါ နာမည်စာရင်းအပါပေါ့၊ ဒီနေ့လွှဲတာတော့ ၁၂၅ ဦးပါ"

နောက်ဆုံးကျန်ရှိနေသေးတဲ့ ၁၀၁ ဦးကိုလည်း စစ်တွေမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှကောင် စစ်ဝန်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေလို့ အတည်ပြုပြီးဖြစ်တာကြောင့် ထပ်မံလွှဲပြောင်းဖို့ စီစဉ်နေတယ်လို့လည်း ဦးခင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ရခိုင်ပြည်နယ်နဲ့ ဧရာတီတိုင်း ဖျာပုံမြို့နယ်တွေအတွင်းကနေ ဖမ်းဆီးရမိခဲ့တဲ့ လှေစီးပြေး ဒုက္ခသည်တွေကို တောင်ပြိုလက်ဝဲကနေတစ်ဆင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသုတ်လိုက် ပြန်လည်ပို့ဆောင်ခဲ့ရာမှာ အခု ၅ ကြိမ် မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအထဲက လူ ၁၅ ဦးဟာ ပြီးခဲ့တဲ့လတွေက တောင်ပြို လက်ဝဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာလည်း ဖြစ် ပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ စက်လှေပေါ်မှာလိုက်ပါလာတဲ့ စကားပြန်အပါအဝင် လှေသား ၂၀ ကို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ထောင်ဒဏ် ၅ နှစ်စီချမှတ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားသလို သူတို့တွေကို လူကုန်ကူးမှုဥပဒေပုဒ်မတွေနဲ့ စစ်တွေမြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ ထပ်မံတရားစွဲဆိုထားတယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။