လှေစီး ဒုက္ခသည်ကိစ္စ ရခိုင်မှာ ဆန္ဒပြမည်
2015.06.07

ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအများစုပါဝင်တဲ့ လှေစီးဒုက္ခသည်တွေကို လာရောက်နေရာချထားတဲ့အပေါ် မကျေနပ်တဲ့ ဒေသခံတွေ ဇွန်လ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြကြဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ်အနီး မြန်မာ့ရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၂ဝဝ ပါဝင်တဲ့ စက်လှေတစ်စီးကို ရေတပ်က တွေ့ရှိခဲ့တဲ့အတွက် ကယ်တင်ထားပြီး ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲကို ပို့ဆောင်ထားပါတယ်။
ဒါ့အပြင် မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အနီးမှာ တွေ့ရှိကယ်တင်ခဲ့တဲ့ လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ကိုလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ယာယီနေရာချထားခဲ့ပါတယ်။
အခုလို လှေစီးဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အတွင်း လာရောက်နေရာချထားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စနေနေ့က ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ကြပြီး၊ လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြကြဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။
ဒါ့ပြင် အဲ့ဒီနေ့မှာ ပူးပေါင်းပါဝင်ကြဖို့ တခြားမြို့တွေကိုလည်း ဆက်သွယ်မှာဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦးက ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြပါတယ်။