ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးတဲ့အပေါ် ကန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

2022.09.03
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးတဲ့အပေါ် ကန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်
File Photo - reuters

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်တာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်း‌ဆီးနှိပ်ကွပ်ပြီး၊ အကြမ်းဖက်မှုတွေ တိုးမြင့်လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ တွစ်တာလူမှုစာမျက်နှာကတစ်ဆင့် နိုင်ငံတကာကို တိုက်တွန်းလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီကချမှတ်နေတဲ့ ပြစ်ဒဏ်တွေဟာ မတရားတဲ့ တရားစီရင်မှုတွေ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ အန်တိုနီ ဘလင်ကန်က မြန်မာနိုင်ငံလို့ မသုံးနှုန်းဘဲ ဘားမား(Burma) လို့သုံးနှုန်းပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ထောင်ဒဏ် သုံးနှစ်စီ စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ မနေ့က ချမှတ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အမှုတွေတုန်းက ထောင်ဒဏ်ပဲချခဲ့ပေမယ့် ဒီတကြိမ်မှာတော့ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ပါ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အမှုပေါင်း ၁၀ အမှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတာကြောင့် အခုတစ်ခေါက် အမိန့်ချတာနဲ့ပေါင်းရင် ထောင်ဒဏ် နှစ်ပေါင်း ၂၀ ထိကျခံရမှာ ဖြစ်ပါတယ်။

နောက်ထပ်လည်း ရင်ဆိုင်ရမယ့် စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေ ဆက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။