BIMSTEC အစည်းအဝေးတက်ဖို့ စစ်ကောင်စီကို သီရိလင်္ကာဖိတ်ကြား
BIMSTEC (ဘင်းမ်စတက်ခ်) လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းက အခု မတ်လ ၂၈ ကနေ ၃ဝ အထိကျင်းပမယ့် ညီလာခံကိုတက်ဖို့ စစ်ကောင်စီကိုဖိတ်မယ်လို့ အဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သီရိလင်္ကာ နိုင်ငံက မနေ့ကပြောလိုက်ပါတယ်။
ဒီလိုဖိတ်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်လို့ မြန်မာကိုမဆက်ဆံဘဲ အထီးကျန်ပစ်ထားမယ့်အစား လက်တွဲ ခေါ်တာကပိုကောင်းတယ်လို့ သီရိလင်္ကာက အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Jayanath Colombage (ဂျေးယာနာ့သ် ကိုလန်းဘီယေ့ချ်) ကပြောပါတယ်။
မတ်လ ၂၉ ရက်နေ့အစီအစဉ်မှာ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်မှာဖြစ်ပြီး၊ မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း အွန်လိုင်းကနေတက်မယ်လို့ဆိုပါတယ်။
၃ဝ ရက်နေ့မှာတော့ သီရိလင်္ကာသမ္မတ ရာဂျာပတ်ကစဲက သဘာပတိပြုလုပ်မယ့်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ထိုင်းနိုင်ငံနဲ့ မြန်မာစစ်ကောင်စီရဲ့ ခေါင်းဆောင်တွေ တက်ရောက်စကားပြောမယ့်အကြောင်း သီရိလင်္ကာအစိုးရ အရာရှိတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး The Hindu သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလက နယူးဒေလီမှာကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ထိုင်းနိုင်ငံတွေက အကြံပြုတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ကိုဖိတ်ဖို့ သီရိလင်္ကာက ဆုံးဖြတ်ခဲ့တာလို့လည်း သတင်းမှာရေးသားထားပါတယ်။
အခုညီလာခံကို လူကိုယ်တိုင်ရော၊ အွန်လိုင်းကပါ နည်းလမ်းနှစ်မျိုးနဲ့ကျင်းပမှာဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အွန်လိုင်းကနေတက်မယ်လို့သိရပါတယ်။
မနှစ်က စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာ မှာ အွန်လိုင်းကနေကျင်းပတဲ့ ဒေသတွင်းအစည်းအဝေးကိုလည်း မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို သီရိလင်္ကာနိုင်ငံက ဖိတ်ကြားခဲ့ပါတယ်။
အာဆီယံအရှေ့တောင်အာရှ နိုင်ငံများရဲ့ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေကို မဖိတ်ဘဲ နိုင်ငံရေးနဲ့မဆိုင်တဲ့အရပ်သားအရာရှိတွေပဲ ဖိတ်ကြားနေပေမယ့်၊ ဘင်းမ်စတက်အဖွဲ့က ဖိတ်ကြားနေတာဖြစ်ပါတယ်။