မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အစိုးရ ကြေညာမည်

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူသား ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုကျူးလွန်ထားတာတွေကို အမေရိကန်အစိုးရက အကြမ်းဖက်မှုအနေနဲ့သာ သတ်မှတ်ပြောဆိုခဲ့ပေမယ့် အဲဒီလုပ်ရပ်ဟာ Genocide ဆိုတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ သတ်မှတ်ကြေညာတော့မယ့်အကြောင်း သတင်းရရှိပါတယ်။
ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုပြတိုက်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ပြုလုပ်မယ့်ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာလိမ့်မယ်လို့ အစိုးရအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ကျူးလွန်ခဲ့တယ်လို့ ကြေညာမယ့်ကိစ္စက သူတို့အနေနဲ့ နောက်ထပ်ကျူးလွန်မှာတွေကို ဟန့်တားနိုင်ဖို့ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
မြန်မာအရေးစုံစမ်းစစ်ဆေးဖို့ ဖွဲ့ထားတဲ့ ကုလသမဂ္ဂရဲ့ IIMM အဖွဲ့အတွက်ကိုလည်း အမေရိကန်အစိုးရက ဒေါ်လာတစ်သန်း ပေးမယ့်ကိစ္စကိုပါ ထည့်သွင်းကြေညာမယ်လို့ သိရပါတယ်။
အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှာ ရိုဟင်ဂျာအရေး ဦးဆောင် လှုပ်ရှားနေတဲ့ အောရီဂွန်ပြည်နယ်အမတ် Jeff Merkley ကလည်း သမ္မတဘိုင်ဒင်အစိုးရရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုကြောင်း မတ်လ ၂၀ နေ့စွဲနဲ့ ချက်ချင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း အမေရိကန် အစိုးရရဲ့အခု အစီအစဉ်ကို ကြိုဆိုတယ်လို့ပြောပါတယ်။
ဒီလိုကြေညာတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖော်ထုတ်ပြောဆို အရေးယူတာတင် မကဘဲ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ခံစားနေရတဲ့ ဒုက္ခတွေ ထုတ်ဖော်ပြောဆိုတဲ့ အသံတွေကို ကြားသွားပြီ ဆိုတဲ့အကြောင်း ရိုဟင်ဂျာတွေကိုလည်း သိစေချင်ပါတယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကတော့ ရိုဟင်ဂျာလူမျိုးဆိုတဲ့ ဝေါဟာရကို အမြဲ ငြင်းလေ့ ရှိသလို၊ ရခိုင်ပြည်နယ်မှာ သူတို့အနေနဲ့ နယ်မြေရှင်းလင်းရေးစီမံချက်သာ ဆောင်ရွက် ခဲ့တာလို့ပြောဆိုပြီး နိုင်ငံတကာကစွပ်စွဲနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။