ဗန်းမော် - လွယ်ဂျယ်နယ်စပ်လမ်း တိုက်ပွဲကြောင့် ကုန်ကားတွေပိတ်မိနေ
2024.03.28

ကချင်ပြည်နယ်မှာ အရေးပါတဲ့ ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာ မနေ့မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာကြောင့် တရုတ်နိုင်ငံဘက်ကို သွင်းကုန်ပို့တဲ့ ကုန်ကားတွေအပါအဝင် ခရီးသည်ကားတွေ အစီး တစ်ရာလောက် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွယ်ဂျယ်မြို့နဲ့ ခုနစ်မိုင်ကျော်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ယောယုံတပ်စခန်းအပါအဝင် ဗန်းမော်-လွယ်ဂျယ် လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မနေ့မနက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကားတွေပိတ်မိနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က မနက်ကတည်းက သွားလို့မရတော့ဘူး။ အခုက ပိတ်ပြီပေါ့ ဘယ်လောက်ကြာမလဲ မသိတော့ဘူး။ ဒီလွယ်ဂျယ် ဘုရားကျောင်းရှေ့မှာလည်း ကုန်ကားတွေ ပိတ်မိနေတယ်။ လမ်းအတိုင်းလည်း ကျပ်နေတယ်လို့ ပြောပါတယ်။ ဝိန်းခမ်းကနေ ဟိုဘက်သွားလို့မရတော့ဘူး တိုက်ပွဲတွေဖြစ်နေပြီ။ ကားအသေးတွေနဲ့ဆို တစ်ရာ ဝန်းကျင်တော့ ရှိတယ်”
ပိတ်မိနေတဲ့ ကုန်ကားတွေဟာ မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို မြေပဲ၊ ပြောင်းဆံ၊ နှမ်း၊ တစ်ရှူးငှက်ပျော စတာတွေ ပို့နေတာဖြစ်ပြီး တရုတ်ဘက်ကလည်း အထည်နဲ့ လူသုံးကုန်တွေ ပြန်သယ်လာတဲ့ ကားတွေ ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲကြောင့် ဗန်းမော်၊ မိုးမောက်ဘက်ကနေလာတဲ့ ကားတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကတော့ လက်ရှိအချိန်အထိ ပြင်းထန်နေဆဲပဲလို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“မနေ့ကတော့ လွယ်ဂျယ်နဲ့ စိန်လုံကြားက စခန်းတွေ သိမ်းတာရှိပါတယ်။ လော့မွန်ဆိုတဲ့ စခန်းရယ် ရှန်းတိုင်း ဆိုတဲ့ စခန်းရယ်၊ ဘန်ယော ဆိုတဲ့စခန်းရယ် အဲစခန်းသုံးခုသိမ်းတဲ့စခန်းတွေ ရှိပါတယ်။ ဒီမနက်ကလည်း တိုက်ပွဲကတော့ ဆက်ဖြစ်တယ်လို့ ကြားပါတယ်။ ယောယုံတွေကလည်း အခုမသိမ်းရသေးပါဘူး။ လမ်းက ဖွင့်ထားရင်လည်း ဘယ်သူမှ မသွားရဲဘူး။ လူသွားလူလာတွေကတော့ တော်တော်နည်းပါးတယ်”
လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနစာရင်းတွေအရ ၂၀၂၃ ဧပြီလကနေ ၂၀၂၄ ဖေဖော် ဝါရီလအထိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉ သန်းကျော် ရှိပါတယ်။