ဘီးလင်းမြို့နယ် ဒေါက်ရပ်ရွာက လူငယ်နှစ်ဦး ပစ်သတ်ခံရ
2023.03.25
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် စောရဲနိုင်ဝင်း နဲ့ အသက် ၁၈ နှစ်အရွယ် စောငပြူးတို့နှစ်ဦးကို မတ်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းဘေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရသူတွေဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတစ်ဦး RFA ကို ပြောပါတယ်။
“အမှန်တော့ ကင်းပုန်းအဖွဲ့က လမ်းလျှောက်လာတဲ့ကလေးတွေကိုပစ်လိုက်တာ။ ကလေးတွေက ရွာမှာ ရိုးရိုးသားသား အေးအေးဆေးဆေးနေတဲ့ကလေးတွေ”
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဝင်းကတော့ သူတို့နှစ်ဦးဟာ စစ်ကောင်စီတပ် ယာဉ်တန်းကိုမိုင်းထောင်တဲ့ PDF တွေဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်း ခဲ့တာလို့ RFA ကို ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့လူငယ်တွေဟာ အရပ်သားတွေလား၊ PDF တပ်ဖွဲ့ဝင်တွေလား ဆိုတာ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၃၁၆၀ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။