နောင်ချိုနဲ့ ကျောက်မဲမှာ စစ်ကောင်စီလက်ကျန်စခန်းတွေအနီး တိုက်ပွဲပြင်းထန်နေ
2024.06.27

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့က နေရာအများစုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေအနီး ဇွန်လ ၂၇ ရက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့ အထွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၁၁၄) တပ်စခန်းကို TNLA ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ခုခံနေတယ်လို့ အဲဒီတပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၁၄ ကို အပြင်ကနေ ဝိုင်းပတ် ပိတ်ဆို့ထားတာပေါ့။ ဒရုန်းတွေနဲ့လည်း လှည့်နေတာတွေ့ရတယ်။ အထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိသေးတယ်။ ဒီမနက်အထိ ပစ်နေတုန်းပဲ”
နောင်ချိုမြို့မှာက ခမရ (၁၁၅) တပ်ရင်းကို TNLA ပူးပေါင်းအဖွဲ့တွေက ဇွန် ၂၆ ရက် နေ့လယ်ပိုင်းမှာ ထိန်းချုပ်လိုက်ပြီး ခမရ (၁၁၄) နဲ့ အမတ (၆၀၆) တပ်ရင်းတွေကို ဆက်လက် တိုက်ခိုက်နေတာပါ။ လက်ရှိမှာ နောင်ချိုမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံး တွေ အပါဝင် မြို့ပေါ် နေရာ အားလုံးနီးပါးကို ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကျောက်မဲမြို့စစ်ကောင်စီ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ(၁) တပ်စခန်းနဲ့ ခမရ-၅၀၁၊ ခမရ-၅၀၂ တပ်စခန်းတွေ အနီးမှာ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ မြို့အဝင်အမြောက်တပ်နေရာတွေအားလုံးကို TNLA တပ်ဖွဲ့က ဇွန်လ ၂၆ ရက်မှာ ထိန်းချုပ်ထားပါတယ်။
ဒေသခံအချို့ကတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြပြီလို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီမနက်တော့ ၅၀၁၊ ၅၀၂ တပ်တွေဘက်မှာ အသံတွေကြားနေရတယ်။ မြို့ခံတွေ စရွှေ့နေကြပြီ။ တိုက်ပွဲက မရပ်သေးဘူး”
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကျောက်မဲနဲ့ နောင်ချိုမြို့နယ်အတွင်းမှာ နှစ်ရက်တာ တိုက်ပွဲအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားခုနှစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။