တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း KNDF ပြော

RFA Burmese
2023.01.06
တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း KNDF ပြော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။
KNDF

၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအတူ ကယား (ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရှေ့တန်း တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို တိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က ၇၉၇ ဦး သေဆုံးခဲ့ပြီး ၉၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ KNDF ဘက်ကတော့ ၆၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တစ်နှစ်အတွင်း စစ်ရေးအရ အောင်မြင်မှုတွေရှိခဲ့သလို အခက်အခဲတွေနဲ့လည်း ရင်ဆိုင် ခဲ့ရတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာန တာန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"၂၀၂၂ ခုနှစ်ကတော့ ကျနော်တို့ KNDF အနေနဲ့ မြေပြင်မှာ စစ်ရေးအရ အောင်မြင်မှုတွေ ရှိတယ်။ အခက်အခဲတွေလည်း အများကြီး ကြုံရတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ရှေ့ဆက်နိုင်ခဲ့တယ်။ လာမယ့်နှစ်မှာတော့ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးကို မြန်မြန်နဲ့ ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင်သွားဖို့ ရည်မှန်းချက်တွေ ချထားပါတယ်"

၂၀၂၂ ခုနှစ် တစ်နှစ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၅၃ ကြိမ်အထိ လုပ်ခဲ့ပြီး အရပ်သားနေအိမ်၊ အဆောက်အအုံ ၆၇ လုံးအပါအဝင် ခရစ်ယာန်ဘုရားကျောင်း လေးခုနဲ့ စေတီ တစ်ဆူ ထိခိုက်ပျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၃ လတာ ကာလအတွင်းမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ အရပ်သား ၄၁၉ ဦး အထိ သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က RFA ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ကယား (ကရင်နီ) ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အတွက် ဒီ ၂၃ လတာ ကာလအတွင်းမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်အထိ တိုးလာတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။