တိုက်ပွဲကြောင့် ကော့သောင်းဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

RFA Burmese
2023.02.23
တိုက်ပွဲကြောင့် ကော့သောင်းဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ထွက်ပြေး ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းရွာမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သော စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
ရနောင်းခရိုင်ပြန်ကြားရေး

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ဝိုင်ဒင်းရွာ ဒေသခံတစ်ရာကျော်ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစလို့ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

တိုက်ပွဲအတွက် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေ ရှိလာပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ အမည်မဖော်လိုတဲ့ ဝိုင်ဒင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသခံတွေက စပြီးထွက်ပြေးတာက ဖေဖော်ဝါရီ ၁၈ ရက်လောက်ကစပြီး ထွက်ပြေးကြတာ။ အဲဒီအချိန် ရွာမှာတိုက်ပွဲတော့ မဖြစ်သေးဘူး။ ၂၁ ရက်နေ့ တိုက်ပွဲစဖြစ်တော့ ရွာမှာ ဘယ်သူမှမနေကြတော့ဘူး။ အကုန် ထိုင်းဘက်ရောက်သွားပြီ။ ရွာအုပ်ချုပ်ရေးမှူးကအစ ထိုင်းဘက်ရောက်နေတာ။ ရွာသားတချို့ကတော့ လိုအပ်တဲ့ ပစ္စည်းတွေပြန်ယူတာတော့ရှိတယ်”

ဝိုင်ဒင်းရွာဟာ အိမ်ခြေ ၇၀ ဝန်းကျင်လောက်ရှိပြီး ဒေသခံတွေအားလုံးက ရွာမှာမရှိကြတော့ဘူးလို့ သူက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ သပါခရာနယ်မြေမှာ လူ ၆၀ ဦးနဲ့ သဝေထောင်နယ်မြေမှာ လူ ၅၀ လက်ခံထားပြီး လူသားချင်းစာနာမှုအကူညီတွေ ပေးနေတယ်လို့ ထိုင်းအစိုးရ ရနောင်းခရိုင် ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် - ၁ တပ်ရင်းရဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက် မှာတော့ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကော်သူးလေ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကော့သောင်းအခြေစိုက် ပုလဲစစ်ကြောင်းတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကတော့ အခုချိန်အထိ ဝိုင်ဒင်းရွာမှာ နှစ်ဖက်စစ်ရေးတင်းမာ နေတဲ့အခြေအနေရှိတယ်လို့ RFA ကို ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ဒေသခံတွေကိုလည်း ထိုင်းဘက်အခြမ်းကိုရောက်ဖို့ ကူညီပေးခဲ့ရတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဝိုင်ဒင်းရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထား တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၂ သန်းအထိရှိလာပြီလို့ ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။