ရခိုင်ဝန်ကြီးရဲ့လှေစီးဒုက္ခသည် မှတ်ချက် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်
2015.06.05

လှေစီးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ရေးရာဝန်ကြီး ရဲ့ပြောဆိုချက်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ကို မနေ့က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ဒါကာမြို့ကလာတဲ့ BDnews သတင်းတစ်ပုဒ် မှာ ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စီးပွားရေးနိမ့်ကျပြီး နိုင်ငံသားတွေက ဆင်းရဲကြတဲ့အတွက် တခြားနိုင်ငံတွေကို တရားမဝင် သွားရောက်အလုပ်လုပ်ကြဖို့ အခြေအနေဖြစ်လာခဲ့တယ်လို့ မှတ်ချက်ပေးပြောဆိုခဲ့တဲ့အပေါ် ခေါ်ယူသတိပေးတာ လို့ ဆိုပါတယ်။
ရိုဟင်ဂျာကိုအသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဒုက္ခသည်အရေးကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကသိကအောက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဘက်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ခိုလှုံခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။
အခုဆိုရင် မြန်မာဘက်ကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ လောက်ကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းကစပြီး ပြန်လည်ခေါ်ယူမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်က တရားဝင်ကတိပေးထား တယ်လို့ BDသတင်းမှာ ဖော်ပြထားပါတယ်။