ဘင်္ဂလားဒေ့ရှ် ရေယာဉ်တွေကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီငြင်း
2024.07.08
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ် ကနေ စိန့်မာတင်ကျွန်းကို ကူးသန်းသွားလာနေတဲ့ ဘင်္ဂလားဒေ့ရှ် ရေယာဉ်တွေကို ပစ်ခတ်ခဲ့တာဟာ သူတို့လက်ချက်မဟုတ်ဘဲ AA အဖွဲ့ရဲ့ လက်ချက်သာဖြစ်တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၇ ရက် မနေ့က ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးစက်လာရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့က သတိပေးပြီးနောက် ရေယာဉ်တွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာမရှိဘဲ AA ဘက်က ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်လာတာပါ။
ဇွန်လ ၅ ရက်၊ ၈ ရက်၊ ၁၁ ရက်နေ့တွေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ထမ်းတွေကို တင်ဆောင်လာတဲ့ ကမ်းခြေစောင့်ရေယာဉ်နဲ့ အရပ်ဘက်လှေတွေကို AA က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ AA နဲ့ အပြန်အလှန်ပစ်ခတ်မှုသာရှိပြီး ဘင်္ဂလားဒေ့ရှ်ရေယာဉ်တွေ သွားလာတဲ့ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ မရှိဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ နှစ်နိုင်ငံ နယ်ခြားဒေသ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာကျင့်သုံးနေတယ်လို့လည်း ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်း ကာမဲလ် (Asaduzzaman Khan Kamal) ကတော့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို မတိုက်ကြဖို့ မြန်မာစစ်တပ်ကိုရော ရက္ခိုင့်တပ်တော် (AA) ကိုပါ သတိပေးထားပြီး၊ ဖြစ်လာမယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့အကြာင်း ဇွန်လ ၂၀ ရက်က ဒါကာထရီဗြွန်း သတင်းမှာ ဖော်ပြထားပါတယ်။