ရိုဟင်ဂျာ တစ်သန်း ဘင်္ဂလားဒေ့ရှ်က ပြန်ပို့လို
2018.01.04
ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံအတွက် ဧရာမ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့် ကို မြန်မာပြည်ပြန်ပို့လိုကြောင်း မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။
ထိုင်း ဘဏ္ဍာရေးဝန်ကြီး Apisak Tantivorawong အပီဆက် တန်တီဗိုရာဝမ် နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး Abdul Muhith အဗ္ဗဒူလ် မူဟစ် က အခုလို ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ OIC ခေါ် အစ္စလာမ်နိုင်ငံများအဖွဲ့က အဆိုပြု တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက ပါဝင်ထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာကူညီရေးအဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့က ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဒီနှစ်အတွင်း ကလေး လေးသောင်းရှစ်ထောင်ခန့် မွေးဖွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံ ၁ဝ နိုင်ငံကို ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်မှုအတွက် စိုးရိမ်ဖွယ်ရာအဆင့်အဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။ အဲဒီနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ အီရီတရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒါန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်နဲ့ အူဘက်ကစ္စတန်နိုင်ငံတွေဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က အခုလို ပြန်လည်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတွေ ဖြစ်ထွန်းဖို့အတွက် ဘာသာရေးလွတ်လပ်မှုကို မဖြစ်မနေ ကာကွယ်ရန်လိုအပ်တယ်လို့ ဖေါ်ပြထားပါတယ်။