ဒုက္ခသည်စခန်းတွေကို သံဆူးကြိုးခတ်မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
2019.10.01
ပြီးခဲ့တဲ့ အပတ်အတွင်းက ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်နေတဲ့ ဒုက္ခသည်စခန်း ၃၄ ခုကို အစိုးရက သံဆူးကြိုးတွေ ခတ်ဖို့ စီစဉ်နေပြီး ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေ ထွက်မပြေးနိုင်အောင်ဖြစ်တယ်လို့ Benar သတင်းဌာနကို ပြောခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးက ဝန်ကြီးချုပ် ဟာဆီနာဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ နယူးယောက်က ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေပြီး အင်္ဂါနေ့မှာ ပြန်လည်ရောက်မှာ ဖြစ်တယ်လို့ သူပြန်လာရင် ခွင့်ပြုမိန့်တင်မယ်လို့ ပြောပါတယ်။ ပြည်နယ်ဝန်ကြီးတဦးဖြစ်တဲ့ Rahman ကလည်း သူတို့ ရိုဟင်ဂျာအရေး ကိုင်တွယ်တဲ့အဖွဲ့အနေနဲ့ ဒီသံဆူးကြိုးကာမယ့် အစီအစဉ်ကို ဝန်ကြီးချုပ်ထံကို ထောက်ခံတင်ပြထားတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုတုပလောင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတဦးဖြစ်တဲ့ ဦးမောင်မောင်တင်ကို မေးကြည့်တဲ့အခါ ….
“ဟုတ်ကဲ့ပါ။ ကျနော်တို့ သိပါတယ်။ ဒီအစီအစဉ်ကို ဘင်္ဂလားဒေ့ရ်ှစစ်တပ်က တာဝန်ယူမယ်လို့ ကြားပါတယ်” လို့ ပြောပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးက ရိုဟင်ဂျာတွေ ထွက်မပြေးနိုင်အောင်လို့ ပြောပေမယ့် ဒေသတွင်းနေထိုင်သူတွေရဲ့တင်ပြချက်တွေကြောင့် ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး Cox’s Baszar မှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ အတော်လေးဝန်ပိနေပါတယ်။ သူတို့ကို ကျွေးမွေးတာကို NGO တွေက တာဝန်ယူတယ်ဆိုပေမယ့် လူတသန်းကျော်ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေ ဖြစ်လာနေပြီး ဒေသတွင်း အလုပ်အကိုင်တွေကို ရိုဟင်ဂျာတွေက လုယူနေသလို ရာဇဝတ်မှုခင်းတွေလည်း တက်လာနေတာကြောင့်ပါ။
“ ကျနော်တို့နဲ့ ဒေသခံတွေ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော်တို့ လူတွေထဲမှာလည်း တချို့က ဆိုးတာတွေ ရှိပါတယ်” လို့ ဦးမောင်မောင်တင် ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှအစိုးရရဲ့ဒီအစီအစဉ်အပေါ် စခန်းတွင်း နေထိုင်သူတွေက လက်မခံကြပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှအစိုးရက ဘင်္ဂလားပင်လယ်အော်အတွင်းက Bhasan Charကျွန်းကို ပြောင်းရွှေ့ဖို့ အစီအစဉ်တွေရှိသလို စခန်းတွေမှာ နေထိုင်သူတွေ တယ်လီဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
ဘင်္ဂလားဒေ့ရ်ှအစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတော့ ဒီအစီအစဉ်ဟာ လွတ်လပ်စွာ သွားလာလှုှုပ်ရှားခွင့်ကို ကန့်သတ်တာဖြစ်လို့ ကန့်ကွက်တယ်လို့ အောက်တိုဘာလ ၁ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းသည်)