ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ဆိုင်းငံ့ဖို့ HRW တိုက်တွန်း

RFA Burmese
2023.03.31
ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ဆိုင်းငံ့ဖို့ HRW တိုက်တွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
MUNIR UZ ZAMAN / AFP

စစ်အာဏာရှင်လက်ထက် ရိုဟင်ဂျာတွေကို မြန်မာပြည်ကို နေရပ်ပြန်ပို့ခြင်းဟာ သူတို့ရဲ့ အသက်ရှင်သန်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အန္တရာယ်ရှိနေတဲ့အတွက် ဒီရိုဟင်ဂျာဒုက္ခသည် တွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဆိုင်းငံ့ထားသင့်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး၊ သူတို့တွေအတွက် လုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးတွေဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံနဲ့အဝှမ်း လူအစုအပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာတွေနဲ့ ရခိုင်ပြည်နယ်မှာ အသားအရောင် ခွဲခြားမှုတွေကြောင့် လက်တလော မဖြစ်နိုင်သေးကြောင်း HRW ရဲ့ တောင် အာရှ ညွှန်ကြားရေးမှုး Meenakshin Ganguly က ပြောပါတယ်။

ရိုဟင်ဂျာတွေကလည်း ဘင်္ဂလားဒေ့ရှ် အုပ်ချုပ်ရေးမှူးတွေက သူတို့ကို လိမ်လည်လှည့်ဖြား ပြီး မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံပွဲကို အတင်းအကျပ် တက်ရောက်ခိုင်းခဲ့ကြောင်း HRW ကို ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့က ဒီအစည်းအဝေးမှာ တတိယနိုင်ငံမှာ အခြေချဖို့ ဖြစ်နိုင်ခြေရှိတာတွေကို ပြောကြားမှာဖြစ်ကြောင်း သူတို့ကို ပြောဆိုပြီး အစည်းအဝေးကို တက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် အဖွဲ့ဝင် ၁၇ ဦးပါတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေကို မတ်လ ၁၅ ရက် ကနေ ၂၂ ရက်နေ့အထိ လာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်မိသားစု ၁၄၉ စု က လူဦးရေ ၄၄၉ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာစစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ လုပ်ဆောင်တာတွေ ရပ်တန့်သင့်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို အလေးထားတဲ့ မူဝါဒတွေ စည်းမျဉ်းစည်းကမ်းတွေ ထူထောင်ပြီးတဲ့အချိန်ရောက်မှသာ သူတို့ကို ပြန်ပို့သင့်တယ်လို့ HRW က ထောက်ပြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ဆန်းစစ်ချက်တွေအရ ရိုဟင်ဂျာတွေအတွက် ရေရှည် တည်တံ့တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။