ဒုက္ခသည်ခံဝန်ချက် ပြန်ဖြည့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ထံ အကြောင်းကြား


2018.02.25
rohingya-border-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကြားခံဇုန်ထဲမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ တွေ့ရစဉ်
Photo: AFP

ဘင်္ဂလားဒေ့ရှ် အစိုးရက ပေးပို့တဲ့ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေစာရင်း အချက်အလက်တွေထဲ မှာ ပြန်လာမယ့်သူတွေကိုယ်တိုင် လက်မှတ်ရေးထိုးရမယ့် ခံဝန်ချက်တွေ မပါရှိတာကြောင့် ပြင်ဆင်ပြီး ပြန်ပို့ပေးဖို့ အကြောင်းကြားထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်က နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကြောင်းကြား လိုက်တာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကပြောပါတယ်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ MOU ထိုးထားတဲ့  ပြန်လည်ဖြည့်ရမယ့်စာရွက်တွေနဲ့ နည်းနည်းမတူဘဲနဲ့ ကွဲလွဲချက်လေးတွေရှိလို့  နိုင်ငံခြားရေးဝန်ကြီးဌာနကဆင့် ဘင်္ဂလားဒေ့ရှ်ကို ပြန်အကြောင်းကြား ထားပြီး  အဲ့ကွဲလွဲချက်လေးတွေကိုတော့ ပြန်တောင်းထားတဲ့ အခြေအနေတော့ ရှိပါတယ်။  ရသလောက် ဟာလေးတွေကိုတော့ ရသလောက် အခြေအနေနဲ့ စစ်ဆေးထားပါတယ်"

ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုမှမပါဘဲ ပြန်လာလိုတာဖြစ်တယ်ဆိုတဲ့ ခံဝန်ချက်နဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက်ကို လက်မှတ်ရေးထိုးရမှာ ဖြစ်ပြီး အခု ဘင်္ဂလားဒေ့ရှ် က ပေးပို့တဲ့ လူဦးရေ ၈ထောင် ကျော်စာရင်းမှာ အဲဒီအချက်အလက်တွေ မပါဝင်သေးတာဖြစ်တယ်လို့ ပြော ပါတယ်။

ဒါ့အပြင် မိသားစုဝင် တစ်ဦးချင်းစီရဲ့ ဓါတ်ပုံ လက်ဗွေနဲ့ မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီး ဘယ်သူ ဆိုတာ ဖော်ပြရမှာဖြစ်ပြီး အဲဒီအချက်အလက်တွေလည်း လိုအပ်နေသေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးအပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပထမအသုတ်အဖြစ် ပြန်လာမယ့် ဒုက္ခသည်ဦးရေ ၈၀၃၂ ယောက်ရဲ့ အမည်စာရင်းနဲ့ အချက် အလက်တွေကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစာရင်းတွေထဲမှာ အကြမ်းဖက်သမားတွေ ပါဝင်မှု ရှိ မရှိကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးနေ တာဖြစ်ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံကနေ ထွက်ခွာလာသူတွေ အပတ်စဉ် ရာနဲ့ချီရှိနေဆဲလို့ AFP သတင်းက ဖေါ်ပြပါတယ်။ တရက် တရက် လူ သုံးဆယ် လေးဆယ်ဝန်းကျင်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာနေကြပြီး၊ တချို့ရက်တွေမှာ လူနှစ်ရာလောက်အထိရှိတယ်လို့ဆိုပါတယ်။ လူဦးရေ အဆမတန် ပြည့်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေဆီ နောက် ထပ်ရောက်ရှိလာသူ အရေအတွက်က ဒီလ ဖေဖေါ်ဝါရီလအတွင်း အခုထိ ၂၅၀၀ ကျော်ရှိတယ်လို့လည်း ဖေါ်ပြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။