မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်ပတ်အတွင်း သုံးကြိမ်ဆင့်ခေါ်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်က စစ်ရေးတင်းမာမှုတွေနဲ့ ဘင်္ဂလားဒေ့ရှ် လေကြောင်းပိုင်နက်အတွင်း ကျူးကျော်မှုတွေအတွက် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။
အခုလို မြန်မာသံအမတ်ကို ဆင့်ခေါ်တာ နှစ်ပတ်အတွင်း သုံးကြိမ်ရှိပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်ကို ကိုးကားပြီး Anadolu သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နယ်မြေပိုင်နက်ထဲကို မြန်မာဘက်က ပစ်ခတ်တဲ့ မော်တာကျည်နှစ်ခု ကျရောက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကလည်း ပထမအကြိမ် မော်တာကျည်နှစ်လုံး ကျခဲ့တာကို ကန့်ကွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနအရာရှိ Mainul Kabir ပြောပါတယ်။
"မြန်မာသံအမတ်ကြီးကို မော်တာကျည်နှစ်လုံး ကျခဲ့တုန်းကလည်း ကန့်ကွက်ခဲ့ပါတယ်။ အခု လေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာနဲ့နယ်စပ်တစ်လျှောက် လက်နက်ကြီးတွေ ပစ်ခတ်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနအရာရှိက Anadolu သတင်းဌာနကို ပြောပါတယ်။
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား လတ်တလော တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာပါ။
လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တွေကို နယ်စပ်မှာ ဖြန့်ကျက်ထားပြီး ဒေသခံတွေကိုလည်း နိုးနိုးကြားကြားရှိကြဖို့ နှိုးဆော်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိက ပြောပါတယ်။