ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကို AA က ပြန်လွှဲပြောင်း
2024.10.12

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြန်မာရေပိုင်နက်ဖြစ်တဲ့ နတ်မြစ်အတွင်း ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကို AA က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ အောက်တိုဘာလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းတဲ့ စက်လှေနှစ်စင်းအနက် တစ်စင်းကို AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းခဲ့တာပါ။
အဲဒီ ငါးဖမ်းစက်လှေမှာ ပါလာတဲ့ အသက် ၁၇ နှစ်ကနေ ၂၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ဆီ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြန်လွှဲပေးခဲ့တာလို့ ဆိုပါတယ်။
ဒီလိုပြန်လွှဲပြောင်းတာဟာ အရင်ကလည်းရှိခဲ့ပြီး အခုတစ်ခါမှာလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ ညှိနှိုင်း တောင်းဆိုချက်ကို အသိအမှတ်ပြု အလေးထားတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ AA ဘက်က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ အောက်တိုဘာလ ၉ ရက်နေ့က နတ်မြစ်ဝက စိန့်မာတင်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ငါးဖမ်းနေစဉ် ရေလမ်းကြောင်းပြောင်းပြီး မြန်မာဘက်ခြမ်းအရောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတစ်ဦး သေဆုံးသွားပါတယ်။
အခုလို သေဆုံးမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ကွန့်ကွက်ပြီး နောက်ထပ်မံမဖြစ်အောင်ရှောင်ရှားနိုင်မဲ့ နည်းလမ်းတွေကို ချက်ချင်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။