ဘင်္ဂလားဒေ့ရှ် သတင်း စာဆောင်းပါးကို မြန်မာအစိုးရ တရားဝင် ကန့်ကွက်မည်
2014.03.22

ရခိုင်ပြည်နယ်က စစ်တွေနဲ့ မောင်တောနယ်တွေ မှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ်ဝေတဲ့ Dhaka Tribune သတင်းစာပါဆောင်းပါးနဲ့ ပတ်သက် လို့ မြန်မာအစိုးရ အနေနဲ့ သံတမန်ရေးအရ ကန့်ကွက် သွားမယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။
မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ Dhaka Tribune သတင်းစာ အင်တာနက်ဆောင်းပါးမှာ ဆောင်းပါးရှင် Zeeshan Khan က စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ် က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ပြည်နယ်နဲ့ ပူးပေါင်းရေး ပြည်သူ့ဆန္ဒခံယူခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလို့ ရနိုင်ကြောင်း၊ ယူကရိန်းမှာ ကရိုင်းမီးယားနယ်ခွဲထွက်သလို ရေးသားထားတာနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။
" ဒါသည် လွတ်လပ်စွာရေးသား ဖေါ်ပြခွင့်အရ ရေးသားတယ်လို့ ယူဆနိုင်သော်လည်းပဲ၊ ဒီ Freedom of Expression ကို အခွင့်ကောင်းယူပြီးတော့ အချုပ်အခြာအာဏာကိုထိပါးခြင်း၊ နောက်တစ်ချက်က ကျွန်တော်တို့ ၂ နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင်ဆောင်ရွက်ခြင်း၊ နောက်တစ်ချက် က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး မငြိမ်မသက်မှုတွေ ဖြစ်အောင် သွေးထိုးခြင်းဆိုတဲ့ သဘောသက်ရောက်နေတာကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ လက်မခံနိုင်ဘူး၊ လက်မခံနိုင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သံတမန်ရေးအရပေ့ါနော် ဆက်ပြီးတော့ တုန့်ပြန်သွားမှာပါ"
မြန်မာအစိုးရအနေနဲ့ ဒီဆောင်းပါးဖော်ပြချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ကန့်ကွက်ကြောင်း အကြောင်းကြားမယ့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးကတဆင့်လည်း ကန့်ကွက်ကြောင်း အကြောင်းကြားသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးနဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။
တဆက်ထဲမှာလည်း အခုလို ဘင်္ဂလားဒေ့်ရှ်နိုင်ငံ ဒါကာမြို့ထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးရှင် ဇီးရှန်ခန်း (Zeeshan Khan) ရဲ့ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူများအဖွဲ့ ခေါင်းဆောင် ယူစွပ် အက်ဘယ် (Yusuf Iqbal) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။