ပြည်ထောင်စုလွှတ်တော် သတင်းယူခွင့် တင်းကြပ်ပိတ်ပင်
2015.05.27

နေပြည်တော် လွှတ်တော်အစည်းအဝေးပွဲတွေအတွင်း ကိုယ်စားလှယ်တွေ အိပ်ငိုက်နေ တဲ့သတင်းဓါတ်ပုံတွေ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ပေါ်ထွက်လာ ခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ သတင်းရယူနေကြတဲ့ မီဒီယာသမားတွေကို မေလ ၂၆ ရက် မနေ့ကစပြီး ပုံမှန်သတင်းယူနေကျ မီဒီယာခန်းကနေ သတင်းယူခွင့်ကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။
မီဒီယာသမားများတွေကို အရင်က အခန်းတစ်ခုသတ်မှတ်ပေးထားပြီး အဲဒီအခန်းကနေ ဓာတ်ပုံရိုက်ကူးတာ၊ အသံဖမ်းတာ၊ TV ကြည့်ရှုပြီး သတင်းယူ ခွင့်ပြုခဲ့ရာက၊ အခုတော့ အခန်းအပြင်ဘက် လူသွားလမ်းကတဆင့်သာ သတင်းရယူခွင့်ပြု လိုက်တာဖြစ်ပါတယ်။
လွှတ်တော်က မီဒီယာသမားတွေကို အခုလို သတင်းရယူခွင့်တင်းကျပ်လိုက်တာ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ဝေဖန်လိုက်ပါတယ်။
"အုပ်ချုပ်ရေးဖက်က သတင်းပေးတာတွေနည်းနည်းလေး အခြေအနေ ကောင်းလာ တယ်လို့ ယူဆတုန်းမှာ လွှတ်တော်ကဒီလိုလုပ်လိုက်တယ်ဆိုတော့ အာဏာရှိတဲ့ သူတွေရဲ့စိတ်ခံစားမှုအရ ပေးချင်ရင်ပေးလိုက်၊ မပေးချင်ရင် ပြန်ရုပ်သိမ်းလိုက် ဆိုတဲ့ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရတော့ ဘယ်ဟာမှ ကျနော်တို့မှာ အာမခံချက် မရှိဘူးဆိုတဲ့ ဟာမျိုးတော့တွေ့ရပါတယ်၊ အခုလည်းလွှတ်တော်ကိုယ်စားလှယ် တွေ သိက္ခာကျမှာဆိုးလို့ ဒါမျိုးတားတာကတော့ မရောင်ရာဆီလူးတယ်လို့ ကျနော်မြင် ပါတယ်"
အခုလို လွှတ်တော်မှာ သတင်းမီဒီယတွေကို တင်းကျပ်လိုက်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးကို သတင်းမီဒီယာ သမားတွေက မနေ့က မေးမြန်းခဲ့ကြရာမှာတော့ ကိုယ်စား လှယ်တွေ အိပ်ငိုက်နေတဲ့ ပုံတွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ မဲဆန္ဒပေးနေတဲ့ပုံတွေ ရိုက်ကူးတင်ပြကြ တဲ့အတွက် ပိတ်ပင်ရတာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။