စစ်တပ်ကိုလေယာဉ်ဆီပိတ်ဖို့ အမေရိကန်သမ္မတဆီ စာရေးသားတောင်းဆို
လေကြောင်းကနေ အသာစီးယူ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချနေတာတွေ အမြန်ဆုံးပိတ်ဖို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ဆီ နိုင်ငံတကာက မြန်မာ့အရေး လှုပ်ရှားနေသူတွေ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ The Action Network က ဦးဆောင်ပြီး စာရေးပို့ခဲ့တာပါ။
မြန်မာစစ်တပ်ဟာ လေကြောင်းကနေ နေ့ရော၊ညပါ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူရာနဲ့ချီ သေဆုံးဒဏ်ရာရခဲ့တယ်လို့ စာထဲမှာရေးထားပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦတွေ ပျက်ဆီးရသလို ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ထောက်ပြထားပါတယ်။
လေယာဉ်ဆီ ပိတ်ဆို့လိုက်မယ်ဆိုရင် စစ်တပ်ရဲ့ဂျက်တိုက်လေယာဉ်တွေလည်း ပျံသန်းလို့မရနိုင်တော့ဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။
ကယားပြည်နယ်မှာ ဒုက္ခသည်ကလေးတွေကို စာသင်ပေးနေတဲ့ CDM ဆရာမတစ်ဦးက "တော်လှန်ရေးစကတည်းက ကောင်းကောင်းအိပ်ရတဲ့နေ့ဆို မရှိသလောက်ရှားတယ်။ အခုဆို ညဘက်လက်နက်ကြီးသံကြားရင် ကြောက်ပြီး ငိုချင်လာတယ်။ ဒီပြည်နယ်မှာနေရတာ လူတိုင်းက ကံပဲလို့ တွေးကြတော့တယ်။ ဘယ်နေရာနေနေ လက်နက်ကြီးက ရောက်တာကိုး" လို့ စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကြုံတွေ့နေရတာတွေကို RFA ကိုပြောပြပါတယ်။
အခုလတ်တလောမှာဘဲ စစ်ကောင်စီဟာ KIO နှစ်ပတ်လည်ပွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူအယောက် ၆ဝ ကျော်သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ လကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့ရပါတယ်။
စစ်တပ်ဟာ ကုန်းကြောင်းကနေ တိုက်ခိုက်တာ အကျအဆုံးများလာတာကြောင့် ဂျက်တိုက်လေယာဉ်တွေကို သုံးပြီး လေကြောင်းကနေ အသာစီးယူတိုက်ခိုက်နေတာလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပြောပါတယ်။