ပဲခူးတိုင်း ၂၈ မြို့နယ်က အန်အယ်လ်ဒီပါတီဝင်တွေ တေ့ွဆုံ


2016.10.08
nld-bago-winhtein-620.JPG ပဲခူးမြို့၊ ရွှေသာလျောင်းဗိမာန်မှာ အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်
ဓါတ်ပုံ - ပြည် (NLD)

တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချိတ်ဆက်ပြီး ပြည်သူတွေရဲ့ အကျိုး ကိုဆောင်ရွက်ဖို့ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ ပဲခူးတိုင်းက NLD ပါတီဝင်တွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ပဲခူးမြို့၊ ရွှေသာလျောင်းဗိမာန်မှာ ကျင်းပတဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဦးဝင်းထိန်က တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ ပါတီနဲ့ ကင်းကွာနေတဲ့အကြောင်း ပြော ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးချိုက ပြောပါတယ်။

"ဦးဝင်းထိန်အနေနဲ့ ပြောသွားတာကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေဟာ ပါတီရဲ့မူဝါဒအတိုင်း ပါတီနဲ့ချိတ်ဆက်ပြီး လုပ်ဖို့ပေါ့။ ပါတီနဲ့နည်းနည်းကင်းကွာနေတဲ့ သဘောမျိုးလေးတွေ ရှိတယ်တဲ့။ အဲ့ဒါလေးတွေကို ပြင်ဆင်ကြဖို့ ဒီပဲခူးတိုင်းဒေသကြီး အစိုးရကို ပြောတယ်။ ပါတီနဲ့ ကင်းကွာထဲ က ပြည်သူနဲ့ကင်းကွာနေတဲ့ သဘောမျိုး အဲဒီတော့ပါတီနဲ့ချိတ်ဆက်ပြီး လုပ်ဖို့ပေါ့"

ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလုံးကျွတ်ပါတီဝင်တွေ တွေ့ဆုံပွဲကို ၂ဝ၁၄ ခုနှစ်က ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဒီနေ့ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

တေ့ွဆုံပွဲမှာ ပါတီနာယက သူရဦးတင်ဦးက ပါတီဝင်တွေ စည်းကမ်းရှိကြဖို့နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို လိုက်နာကြဖို့ မှာကြားတယ်လို့ ဦးအေးချိုက ပြောပါတယ်။

တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းဝန်ကြီးတွေနဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အန်အယ်လ်ဒီ ပါတီဝင်တွေ ၄ဝဝ လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။