အမုန်းပွားစေတဲ့ ရေးသားပြောဆို မှုတွေ ရှောင်ရှားရေး ဆွေးနွေးပွဲ ကျင်းပမည်


2013.06.25

သတင်းမီဒီယာတွေ ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာ အမုန်းတရား တိုးပွားစေသော ရေးသားပြောဆိုမှုတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒါ့အပြင်  လက်ရှိသတင်းမီဒီယာတွေမှာ ရေးသားနေကြတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အပြန်အလှန် သုံးသပ်ဆွေးနွေးကြမှာ ဖြစ်တယ်လို့  အခမ်းအနားမှူး အကဲဖြတ်လူကြီး အဖြစ်ဆောင်ရွက်မယ့် မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။

အဓိကကတော့ မီဒီယာပေါင်းစုံမှာ  ရေးကြသားကြ ပြောကြဆိုကြတာတွေဟာ အမုန်းပွားစေတဲ့ဟာမျိုးပေါ့၊ ရှိပြီးသားပြဿနာကို အကောင်းဖြစ်စေသလို ပိုပြီးဆိုးဝါးစေတဲ့ဟာမျိုးတွေ အဲဒါမျိုးတွေ ပိုပြီးတော့ တွေ့ရတာများပါတယ်၊ များလာတဲ့အခါကျတော့ ကျနော်တို့နိုင်ငံထဲမှာလည်း လက်ရှိမှာ ပြဿနာတွေ ဖြစ်ထားတာတွေရှိတယ်၊ ရခိုင်၊ မြစ်ကြီးနားနဲ့ လားရှိုးကကိစ္စတွေလိုပေါ့၊ အဲဒါမျိုးတွေနဲ့ ပတ်သက်လို့ပေါ့ ဘယ်လိုရှောင်ရှားသင့်သလဲ၊ မလုပ်ဖြစ်အောင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရလာအောင်လို့ပေါ့လေ ဘယ်လိုလုပ်ကြမလဲ၊ အဲဒါတွေကို အဓိကထားပြီးတော့လုပ်မှာပါ၊

ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့ အမေရိကန်သံရုံးက စီစဉ်ကျင်းပတာဖြစ်ပြီး  သမ္မတရဲ့ ပြောရေးဆိုခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း အမုန်းပွားစေတဲ့ အရေးအသားတွေအကြောင်း ဆွေးနွေးရှင်းလင်းမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်အဖြစ် AP သတင်းဌာန အကြီးအကဲဟောင်း Richard Winfield နဲ့အတူ အရှင် ဓမ္မပီယ၊ ဦးအေးလွင်၊ ဒေါက်တာ စောလှိုင်ဘွားနဲ့ ဦးအောင်နိုင်တို့က ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို သတင်းမီဒီယာတွေကိုလဲ ဖိတ်ကြားထားပြီး မည်သူမဆို တက်ရောက်နားဆင်နိုင်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။