မြန်မာကို အာဆီယံအဖွဲ့ထဲက ထုတ်ပယ်ဖို့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ပြောကြား

မလေးရှားဝန်ကြီးချုပ်ဟောင်း  မဟာသီယာ မိုဟာမက်ကို တွေ့ရစဉ်
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို တွေ့ရစဉ် (Photo: ws.com)

ရိုဟင်ဂျာမွတ်စလင်တွေကို ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများအဖွဲ့ကနေ ထုတ်ပယ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့တော်မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာမွတ်စလင်အရေး နိုင်ငံတကာ ညီလာခံ အဖွင့်မိန့်ခွန်းမှာ မဟာသီယာက အခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာလိုနိုင်ငံမျိုး အာဆီယံအဖွဲ့မှာ ထည့်သွင်းထားတာဟာ အဖွဲ့နာမည်ပျက်ရုံသာဖြစ်ကြောင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို ဆက်ကျူးလွန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ကနေ ထွက်သွားဖို့လိုကြောင်းလည်း ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အရေးယူသင့်ပြီး အရေးမယူနိုင်ရင်လည်း မိမိတို့အနေနဲ့ ဖိအားပေးရ မှာ ဖြစ်တယ်လို့လည်း မဟာသီယာက ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာအရေးကို ဒေါ်အောင်ဆန်းစုကြည် ကို ဆောင်ရွက်ပေးဖို့ စာရေးသားပေးခဲ့ပေမယ့် ဘာအကြောင်းပြန်ချက်မှ မရခဲ့ကြောင်း၊ ဒါ့ကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ကံကြမ္မာကို ပြည်ပကသာ အကာကွယ်ပေးဖို့ ရှိတော့ကြောင်းလည်း သူက ပြောပါတယ်။

အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူဝါဒဟာ အကန့်သတ်ရှိပြီး လှေစီးဒုက္ခသည်အရေး မြန်မာက မဆောင်ရွက်သရွေ့ အဆုံးသတ်ဖို့ မရှိကြောင်း၊ ပြည်တွင်းရေး ဝင်မစွက်ရေးမူဝါဒကို မြန်မာနိုင်ငံက ချိုးဖောက်နေကြောင်းလည်း မဟာသီယာက စွပ်စွဲပြောဆိုပါတယ်။

မဟာသီယာဟာ မလေးရှားနိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ထဲဝင်ရောက်ဖို့ ဦးဆောင်လက်ခံခဲ့သူ ဖြစ်ပါတယ်။