အမှတ် ၇ ကားလမ်းမဘေးမှ ကျူးကျော်အိမ် ၄ဝဝ ဖယ်ရမည်
2015.01.26

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အမှတ် ၇ ကားလမ်းမဘေး ဝဲယာတစ်လျှောက်က ကျူးကျော်အိမ် ၄ဝဝ ကျော်ကို မနက်ဖြန် နောက်ဆုံး ထားပြောင်းရွှေ့ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ကားလမ်းမနဲ့ မလွတ်ကင်းတာကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဖယ်ရှားခိုင်းတာဖြစ်ပြီး မဖယ်ပေးရင် တရားစွဲခံရမှာဖြစ်တယ်လို့ ဘားလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းက ပြောပါတယ်။
"ဒီလမ်းက ဆောက်လုပ်ရေးပိုင်တဲ့လမ်းပါ၊ ညွှန်ကြားတာက မြို့နယ်ကညွှန်ကြားတာပါ၊ ရှင်းခိုင်းတာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှင်းခိုင်းတာ၊ သူတို့မဖယ်ရင်တော့ ဆောက်လုပ်ရေးက ပထမအဆင့်က တရားစွဲဖို့များပါတယ်"
လှည်းကူးမြို့နယ် ဘားလား၊ တံခွန်တိုင်၊ မက်လစ်နဲ့ စစ်ပင် စတဲ့ကျေးရွာ ၄ ရွာက အိမ်ခြေ ၄၀၀ ကျော်ကို ဒီလ၂ဝ ရက်နေ့ကစပြီး ဖယ်ရှားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ အဲဒီလမ်းမဘေးတစ်လျှောက်မှာ နေထိုင်သူတွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းကနေ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
ကျူးကျော်နေထိုင်သူတွေဟာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ကျောင်းသားတွေလည်းရှိ တာကြောင့် ပြောင်းရွှေ့ပေးဖို့ အခက်အခဲဖြစ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။