သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

မြန်မာပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သြစတြေးလျနိုင်ငံက ကူညီဆောင်ရွက်မှုတွေဟာ အကျိုးထိရောက်မှုရှိကြောင်း သြစတြေးလျကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မနေ့က ပြောဆိုပါတယ်။

2012.05.05
phyo-min-thein-nld-b305 NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းဖြစ်ပါသည်။
AFP

လာမယ့် တနင်္လာနေ့ကျရင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ၊ လူသားချင်း စာနာကူညီမှုတွေကို လိုအပ်နေတဲ့ ပြည်သူတွေဆီ တိုက်ရိုက်ရောက်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ အကြံပေးတိုက်တွန်းမှာ ဖြစ်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဆက်လက်ပြီး ဦးဖြိုးမင်းသိန်းက-

"ကျွန်တော်တို့ရဲ့တိုင်းပြည်အရေးအပေါ်မှာ သြစတြေးလျနိုင်ငံက ဆောင်ရွက်နေမှုတွေ အကုန်လုံးဟာ အားရကျေနပ်ဖွယ်ရာရှိတယ်။ နောက်ပြီး လွှတ်တော်မှာလည်း မြန်မာနိုင်ငံအရေးပေါ်မှာ စိတ်ဝင်စားမှု လက္ခဏာတွေ အများကြီး ရှိတယ်တဲ့။ ကျွန်တော်တို့ ကြားသိထားရတာပါ။ ဒါကြောင့်မို့လို့ သြစတြေးလျနိုင်ငံရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအပေါ်မှာ ကူညီနေမှုအပေါ်မှာ ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်" လို့ပြောပါတယ်။

သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် သုံးဦးဟာ ကင်ဘာရာမြို့မှာ ကျင်းပနေတဲ့ သြစတြေးလျ လွှတ်တော်ကိုလည်း တက်ရောက် လေ့လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲကိုစီစဉ်တဲ့ အဝေးရောက် မြန်မာလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်အေးကလည်း NLD လွှတ်တော် ကိုယ်စားလှယ်သုံးဦးရဲ့ သြစတြေးလျ ခရီးစဉ်ကို ကြိုဆိုကြောင်း ပြောဆိုပါတယ်။

လက်ရှိအာဏာရ အစိုးရပါတီဖြစ်တဲ့ သြစတြေးလျ လေဘာပါတီရဲ့ ဖိတ်ကြားချက်အရ NLD လွှတ်တော် ကိုယ်စားလှယ်သုံးဦးနဲ့အတူ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူ လူငယ်အဆိုတော် လင်းလင်းတို့ သြစတြေးလျနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။