ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းကို သြစတြေးလျ ဝမ်းသာ
2010.11.15

အခုအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာ ဂုဏ်ယူစရာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိဖို့ လုပ်စရာတွေ ရှိနေသေးသလို နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်လွတ်မြောက်ဖို့၊ အထူးသဖြင့် နိုင်ငံရေးယုံကြည်ချက်ကို လွတ်လပ်စွာ ပြောခွင့်ရဖို့ လိုပါတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်း ရုပ်မြင်သံကြားမှာ တွေ့မြင်လိုက်ရတဲ့ သြစတြေးလျ ပြည်သူလူထုဟာ မျက်ရည်မဆည်နိုင်အောင်ပါပဲလို့ ပြောသွားပါတယ် ။
သြစတြေးလျ အစိုးရအတိုက်အခံပါတီခေါင်းဆောင် Tony Abbot ကလဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့နေ့ ဟာ ကမ္ဘာတလွှားမှာ ရှိတဲ့ ဒီမိုကရေစီလိုလားသူတိုင်းအတွက် ထူးခြားတဲ့ နေ့တနေ့ပါပဲလို့ ဆိုပါတယ် ။
အလားတူပဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း Alexander Downer ကလည်း မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ ဒီမိုကရေစီရေးကို ရှေးရှုလာတဲ့ လက္ခဏာပါပဲ၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေပြီဆိုတာ များမကြာခင်မှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအား ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြဖို့ မျှော်လင့်ကြောင်း ပြောပါတယ် ။