လူသားချင်းစာနာမှု အကူအညီပေးရေး ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG ဆွေးနွေး
2024.06.05

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ H.E. the Hon Penny Wong နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ကင်ဘာရာမြို့မှာ ဇွန်လ ၄ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ၊ ဩစတြေးလျနိုင်ငံက ကူညီပံ့ပိုးပေးမယ့် အခြေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး အကာအကွယ်ပေးရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်မှု ဖော်ဆောင်မြှင့်တင်နိုင်ဖို့ နိုင်ငံတကာ အကူအညီတွေ အရေးတကြီးလိုအပ်နေတဲ့အကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်ကတော့ ဒါက NUG ရဲ့ သံတမန်ရေး ရာအောင်မြင်မှု တစ်ခုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးအဆင့် တရားဝင်တွေ့ဆုံမှုဟာ သံတမန်ရေးရာရ တိုးတက်မှုလည်းဖြစ်တယ်။ သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေး တွဲနေတာ။ ပြည်တွင်းမှာ စစ်နိုင်လာတဲ့အခါ နိုင်ငံတကာရဲ့ သတမန်ဆက်ဆံရေးဟာ ပြောင်းလဲလာတာလက်တွေ့ပဲ။ စစ်နိုင်မှ နိုင်ငံရေးတိုးတက်မှာ”
ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ စံချိန်တင် မြင့်တက်လာတဲ့ နေရပ်စွန်ခွာမှု အခြေအနေတွေကြောင့် အန္တရာယ်ကြီးမားတဲ့ အခြေအနေကို ရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ သုံးသန်းဝန်းကျင်ရှိနေပါတယ်။ အဲဒီထဲက ၂ ဒသမ ၇ သန်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက် တိုးလာတာပါ။