သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီး

သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ လာမယ့်သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင် တွေအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

2011.06.25

သူ့ရဲ့ ခရီးစဉ်အတွင်း သြစတြေလျနိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပြင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို တိုက်တွန်း ဆွေးနွေးသွားမယ်လို့ Mr. Kevin Rudd က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းက သြစတြေလျ နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာပြည် ခရီးစဉ်ကို ကြိုးစားနေတာ ဖြစ်ကြောင်း၊ အခု ခရီးစဉ်အတွင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေကို သြစတြေလျ အစိုးရ အနေနဲ့ ဖိအားပေး ဆွေးနွေးသင့်ကြောင်း သြစတြေလျ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က Mrs. Betty Brake က ပြောပါတယ်။

သြစတြေလျ နိုင်ငံဟာ ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ အရေးကိစ္စမှာ ပထမဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်ကြောင်း၊ လက်ရှိ အခြေအနေထက် ပိုပြီး တခြား နိုင်ငံတွေကပါ ထောက်ခံလာအောင် သြစတြေလျ အစိုးရ အနေနဲ့ ပို ကြိုးစားသင့်ကြောင်း၊ မြန်မာအစိုးရ အဆက်ဆက် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားနယ်မြေတွေမှာ ပုန်းရှောင်ပြေးနေရတဲ့ စစ်ပြေး ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စတဲ့ကိစ္စတွေအတွက်လည်း ထိုင်း-မြန်မာ နယ်စပ်ဖြတ်ပြီး အကူအညီပေးဖို့ သြစတြေလျ အစိုးရ အနေနဲ့ ဆောင်ရွက်သင့်ကြောင်း Mrs. Brake က ပြောပါတယ်။

သြစတြေလျနိုင်ငံဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေးနဲ့ တခြား ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ နှစ်စဉ် အကူအညီပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က သြစတြေလျက ပေးတဲ့ အကူအညီဟာ အမေရိကန်ဒေါ်လာ ၂၉ သန်းရှိရာက ဒီနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၇ သန်းအထိ တိုးပြီး အကူအညီ ပေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-30 14:22

နိုင်ငံခြားရေးဝန်ကြီးမှာ Bob Carr ဖြစ်ပါသည်