ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ဒေသခံတွေ လက်မခံကြောင်းပြော
2019.10.09

ပုသိမ်ကြီးမြို့နယ်က အောင်သပြေ ကျေးရွာမှာ မြန်မာလုပ်ငန်းရှင်နဲ့ တရုတ်လုပ်ငန်းရှင် ဖက်စက်ပိုင်လုပ်ဆောင်နေတဲ့ မြန်မာကွန့်ချ် (Myanmar Conch Cement) ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေအနေနဲ့ လက်မခံနိုင်ကြောင်း အာဏာပိုင်တွေကို ပြောလိုက်ပါတယ်။
ပုသိမ်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကခန်းမမှာ ဒီနေ့ကျင်းပတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုဆွေးနွေးပွဲမှာ ဒေသခံတွေက ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ၂၀၁၇ ခုနှစ်က ခွင့်ပြုပေးခဲ့တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းဟာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ အနီးက ကံဘဲ့တောင်ကို ဘိလပ်မြေထုတ်မှာဖြစ်ပြီး အဲဒီအနီးမှာပဲ စက်ရုံတည်ဆောက်နေတာဖြစ်ပါတယ်။
အချိန်အကန့်သတ်မရှိ စက်မောင်းနေတာ၊ မိုင်းခွဲနေတာကြောင့် ဒေသခံတွေ ညအချိန်တွေမှာလည်း အိပ်မရဖြစ်နေတာတွေကြောင့် ကန့်ကွက်တာလို့ အောင်သပြေကျေးရွာက ဒေါ်ဝင်းအေးက ပြောပါတယ်။
"ဒီတောင်ကြီးကို ဒေသခံတွေလက်လုပ်လက်စားတွေ၊ တောင်သူတွေက မှီခိုနေရတာဖြစ်ပါတယ်။ ဒီတောင်ကြီးဖြိုမယ်ဆိုရင် ပြည်သူတွေ ထမင်းအိုးဖြိုခွဲတာနဲ့ အတူတူပါပဲ၊ ဒုက္ခသည်ဘ၀ အရောက်မခံနိုင်လို့ ဒီကုမ္ပဏီကို ကန့်ကွက်တာပါ။ စက်ရုံပိတ်သိမ်းပေးဖို့ တောင်းဆိုပါတယ်"
အောင်သပြေ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒပြတာတွေကြောင့် ဖမ်းဆီးထောင်ချခံရတာတွေလည်းရှိပါတယ်။
အောင်သပြေ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို ဒေသခံတွေက နည်းလမ်းမျိုးစုံနဲ့ ကန့်ကွက်ခဲ့တာတွေကြောင့် ရွာသားအများ အပြားဟာ ပုဒ်မ ၃၃၃ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ တရားစွဲဆိုခံထားကြရတာတွေလည်း ရှိပါတယ်။
စက်ရုံက လုပ်ငန်းခွင်သုံး ယန္တရားတွေ ဖြတ်သန်းသွားလာတာကို ၂၀၁၈ ခုနှစ် ဇူလိုင်လက တားဆီးခဲ့တာကြောင့် အောင်သပြေကျေးရွာသား လေးဦးကို လမ်းတံတားဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ် ပုသိမ်ကြီးမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ချမှတ်ခဲ့ပါတယ်။
အဆိုးဆုံးဖြစ်ပွားခဲ့တာကတော့ စီမံကိန်းကို ကန့်ကွက်လို့ဆိုပြီး ဖမ်းဆီးသွားခဲ့တဲ့ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း ဆိုသူဟာ အိုးဘိုအကျဉ်းထောင်အတွင်းမှာ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
အကိုဖြစ်သူသေဆုံးမှုနဲ့ပတ်သတ်ပြီး အခုအချိန်အထိ ဘာနစ်နာကြေးမှလည်း မရရှိထားဘူးလို့ ကိုထွန်းမြင့်ဝင်းရဲ့ ညီမဖြစ်သူက ပြောပါတယ်။
"အရက်နာကျတယ်။ ထောင်သားတွေနဲ့ရန်ဖြစ်ပြီး သေဆုံးတယ်တဲ့၊ နောက်တစ်ခါ သိန်း ငါးရာပေးထားတယ်တဲ့။ ဘာလျော်ကြေးမှ မရပါဘူး၊ လိုခြင်လို့ပြောတာ မဟုတ်ဘူး၊ လူတွေကို ပိုက်ဆံပေးဖမ်းတယ်။ အမေက မြေနဲ့ပတ်သက်ပြီး ဝရမ်းထုတ်တယ်။ မြေလည်းဆုံး သားလည်းဆုံး ဖြစ်နေပါပြီ"
ကိုထွန်းမြင့်ဝင်း သေဆုံးမှုဟာ အကျဉ်းသားအချင်းချင် ခိုက်ရန်ဖြစ်ပွားတာကြောင့်ဖြစ်ကြောင်းနဲ့ သံသယတရားခံ အကျဉ်းသားကိုလည်း အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုတွေသာပြောဖို့နဲ့ အခြားအကြောင်းရာတွေကိုမပြောဖို့ကိုလည်း ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက သူ့မိန့်ခွန်းမှာထည့်သွင်း ပြောကြားခဲ့ပါတယ်။
"ပြဿနာပေါင်းစုံရှိတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး၊ ပြည်ထောင်စုအစိုးရ ခွင့်ပြုထားတဲ့ကိစ္စ၊ မူလရည်ရွယ်ချက်၊ ဆွေးနွေးချက် ခေါင်းစဉ်ပျောက်အောင် မဖြစ်ဖို့၊ မှုခင်းဆိုင်ရာ အရေးယူမှုတွေနဲ့ ပတ်သက်လို့လည်း သတင်းစာရှင်းလင်းပွဲတွေလည်း လုပ်ခဲ့ပြီးပါပြီ၊ ဒီအခန်းထဲမှာ ဒီခေါင်းစဉ်ပါရင် ဖြေရှင်းမှာ မဟုတ်ပါဘူး"
ဒေသခံတွေ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး ဘိလပ်မြေစက်ရုံဘက်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဘိလပ်မြေစက်ရုံစီမံကိန်းဟာ မြန်မာနိုင်ငံသားပိုင် မြင့်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံသားပိုင် Anhui Conch ဘိလပ်မြေ ကုမ္ပဏီက ၅၅ ရာခိုင်နှုန်း အကျိုးအမြတ်ရရှိမှာဖြစ်ပြီး တစ်ရက်ကို တန်ငါးထောင် ထွက်ရှိဖို့လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)