မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရ

RFA Burmese
2024.04.19
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းဌာနချုပ် (နန့်ပေါင်လေတပ်) ကို မြေပုံပေါ်တွင် တွေ့ရစဉ်။
Google Map

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် (နန့်ပေါင်လေတပ်) ကို ဧပြီလ ၁၉ ရက် မနက်ပိုင်းမှာ ရှော့တိုက်ဒုံး ဆယ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NB-PDF) က ထုတ်ပြန်ပါတယ်။

ပြည်သူလူထုကို လေကြောင်းသုံးတိုက်ခိုက် သတ်ဖြတ်နေတဲ့အတွက် အခုလိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ NB-PDF က ပြောပါတယ်။

မြစ်ကြီးနားဒေသခံတစ်ဦးကလည်း ဧပြီလ ၁၉ ရက် မနက်မှာ လေတပ်နေရာကနေ ပေါက်ကွဲသံကျယ်တွေ ကြားရကြောင်း RFA ကို ပြောပါတယ်။

“ဒီမနက် ပေါက်ကွဲသံကြားတာက သုံးကြိမ် ကြားတယ်။ သတင်းပြန်ကြားတာက သူတို့ ဆယ်ကြိမ်ပစ်တယ်၊ သုံးကြိမ်ပဲအောင်တယ်လို့ ပြန်သိရတယ်။ ဒီနေ့က စစ်တပ်နဲ့ ပိုနီးအောင်သွားပြီး သွားပစ်ကြတာလို့ သိရတယ်။ ထိခိုက်တာ ရှိ၊ မရှိတော့ မကြားမိသေးဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေတာမရှိပါဘူး။

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် (နန့်ပေါင်လေတပ်) ကို ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သွားရောက်တိုက်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။