မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

2024.12.07
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းအား ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Brave Warriors For Myanmar

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို မနေ့ညက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တယ်လို့ ဒီတိုက်ခိုက်မှုလုပ်ခဲ့တဲ့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြောပါတယ်။

မှော်ဘီလေတပ်စခန်းက တိုက်ခိုက်ရေးလေယာဉ်တွေဟာ ကယားပြည် (ကရင်နီပြည်)၊ ကရင်၊ မွန်နဲ့ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အဓိကလုပ်နေတာကြောင့် BWM အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ Shadow SAF မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီလေတပ်ရဲ့ Y-12 လေယာဉ်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးမှုတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"မှော်ဘီလေတပ်ထဲက Y-12 တိုက်လေယာဉ်တွေထားတဲ့ လေယာဉ်ရုံကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် အဲဒီအနားဝန်းကျင်မှာရှိနေတဲ့ စစ်ကောင်စီ စစ်သည်တွေနဲ့ အဆောက်အအုံတွေ၊ ယာဉ်တွေ ထိခိုက်ပျက်စီးမှုရှိပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီက မှော်ဘီမြို့နယ် ပန်းတစ်ပွင့်တောင်ဘက်က ရွာတွေကို တစ်ညလုံး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ပါတယ်"

ဒီတိုက်ခိုက်မှုကြောင့် Y-8 ထောက်ပို့ စစ်လေယာဉ်တစ်စီးနဲ့ Y-12 လေယာဉ်တစ်စီး ထိခိုက်ပျက်စီးပြီး လေတပ်အရာရှိ အပါအဝင် စစ်သည်တချို့ သေဆုံးတယ်လို့ BWM အဖွဲ့က ပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာတော့ မနေ့ည တိုက်ခိုက်မှုမှာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဖော်ပြကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (USO) က မှော်ဘီလေတပ်စခန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။