မှော်ဘီမှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံး

RFA Burmese
2024.03.31
မှော်ဘီမှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းရွာ လမ်းမပေါ်မှာ မတ်လ ၃၀ ရက် ညနေ လေးနာရီကျော်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလားကုန်းရွာ အဝင်လမ်းမပေါ်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဌေးရဲ့ နေအိမ်အနီး စွန့်ပစ်ထားတဲ့အမှိုက်ထုပ်ကို ဖွင့်ကြည့်ချိန်မှာ ပေါက်ကွဲမှုဖြစ်တာလို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သုံးယောက်စလုံးကလေ။ တုံးလုံးလေးတွေ လဲပြီး သေသွားကြတာ။ သားအမိတွေ ဖြစ်ဖို့များတယ်။ ပလုံကောက်တဲ့သူဆို အထုပ်ထဲ ဘာများပါမလဲဖွင့်ကြည့်ရင်း ပေါက်ကွဲတာပါ”

ပေါက်ကွဲမှုကြောင့် အသက် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။

သူတို့သုံးဦးဟာ မြောင်းတကာစက်မှုဇုန်မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် နာမည်အပါအဝင် အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအကြာ စစ်ကောင်စီတပ်သား သုံးဆယ်နီးပါး ရောက်လာပြီး ရုပ်အလောင်းတွေကို အရေးပေါ်ကားနဲ့ သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ်ကို ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

ကျောက်တံတားမြို့အလယ် ဆူးလေဘုရားလမ်းက တော်ဝင်ခုံးကျော်တံတားပေါ်မှာ မတ်လ ၂၇ ရက် မနေ့ည ရှစ်နာရီဝန်းကျင်ကလည်း ဗုံးပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက် ကလေးငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် လမ်းသွားလမ်းလာ ပြည်သူလေးဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။