တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်
2024.08.21
ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို ဩဂုတ်လ ၂၀ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို လေးလုံးထိမှန်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဩဂုတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နိုင်ငံတစ်ဝှမ်းက မြို့ရွာတွေကို ဆက်လက်ထိန်းသိမ်းဖို့ရာ အဓိက ဒုက္ခပေးနေတာ စစ်ကောင်စီရဲ့ လေတပ်ဖြစ်တာကြောင့် အခုလို တိုက်ခိုက်ရတာလို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“တောင်ငူလေတပ်ကို ဒီနှစ်အတွင်း ဒါက သုံးကြိမ်မြောက်တိုက်ခိုက်ခဲ့တာပါ။ မတ်လက တစ်ကြိမ်နဲ့ မေလက တစ်ကြိမ် တိုက်ခိုက်ခဲ့ပါသေးတယ်”
ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်ငူလေတပ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးဒဏ်ရာရတွေ၊ အဆောက်အဦတချို ထိခိုက်ပျက်စီးသွားတယ်ဆိုတာ သိရပေမဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
BWM အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလက နေပြည်တော် အေလာလေတပ်၊ ဇူလိုင်လက အေလာလေတပ်ကို ဒုတိယအကြိမ်၊ မတ်လက တောင်ငူလေတပ်ကို ပထမအကြိမ်၊ မေလက ဒုတိယအကြိမ်၊ အခု ဩဂုတ်လမှာ တတိယအကြိမ်နဲ့ ဇန်နဝါရီလက တံတားဦးလေတပ် စုစုပေါင်း လေတပ်စခန်းတိုက်ခိုက်မှု ခြောက်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ငူလေတပ်စခန်းပစ်ခတ်မှုကို BWM အဖွဲ့က ဦးဆောင်ပြီး Mountain Knights Civilian Defense Force (MKCDF) သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့၊ Mercury Revolution Force (MRF) အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။