ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အမျိုးသမီးရေးရာ ဆွေးနွေး
2012.06.01

မနေ့က ဘန်ကောက် ကမ္ဘာ့စီးပွားရေးညီလာခံမှာ ကျင်းပတဲ့ “ရှေ့ခရီးကို ဦးဆောင်သူ အာရှ အမျိုးသမီးများ” ဆိုတဲ့ အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
ဒီလို ခွဲခြားဆက်ဆံခံရတာကို အများစုက သတိမထားမိကြပါဘူး။ မြန်မာအမျိုးသမီးတွေ ဘယ်လောက် လွတ်လွတ်လပ်လပ် ရှိသလဲဆိုတာကိုပဲ လူတွေသိထားကြပြီးတော့ နိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးတွေအပေါ် ခွဲခြားခံရတာတွေ မရှိဘူးလို့ ထင်မြင်နေကြပါတယ်။
ဧပြီလက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကဆိုရင် မြန်မာလွှတ်တော်အမတ် စုစုပေါင်း ၆၀၀ ကျော်ထဲမှာ အမျိုးသမီး အမတ်ဦးရေဟာ (၁၅) ယောက်ပဲရှိပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကန့်အသတ် ကြီးမားနေတာကြောင့် ဖြစ်ပါတယ်လို့ ပြောသွားတာပါ။
ဒ့ါအပြင် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာလည်း ကျား၊ မ ခွဲခြားဆက်ဆံမှုရှိနေပြီး၊ ဆေးတက္ကသိုလ်လို အဆင့်မြင့်ပညာရေးမှာတောင် မိန်းခလေးတွေ က ယောကျ်ားလေးတွေထက် အမှတ်ပိုများရမယ်ဆိုတဲ့ ကန့်သတ်ခွဲခြားတာမျိုး ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အာရှ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ ပင်တိုင်ဆွေးနွေး ပြောဆိုသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ Rokia Afzal Rahman၊ CARE USA အဖွဲ့ ဥက္ကဋ္ဌ Helene Gayle နဲ့ နော်ဝေးနိုင်ငံ အခြေစိုက် Telenor ဆက်သွယ်ရေး ကုမ္ပဏီက ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Jon Fredrik Baksaas တို့ဖြစ်ပါတယ်။